DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးများရုံးကို အာဇာနည်နေ့အထိ ၄ ရက်ကြာ လည်ပတ်ခွင့် ပိတ်ထားမည် 
DVB
·
July 17, 2020
ဝန်ကြီးများရုံးကို အာဇာနည်နေ့အထိ ၄ ရက်ကြာ လည်ပတ်ခွင့် ပိတ်ထားမည် 
Donate to DVB

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးအဆောက်အအုံကို ဇူလိုင် ၁၆ ရက်က စတင်ပြီး ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့အထိ ၄ ရက်ကြာ လည်ပတ်ခွင့် ပိတ်ထားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လာရောက်လည်ပတ်မယ့် ဧည့်သည်တော်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့၊ Social Distancing နဲ့ တခြားကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ပိတ်ရတာလို့ ဝန်ကြီးများရုံး- The Secretariat ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၀ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲဒီနေ့ကစလို့  လာ ရောက်လည်ပတ်ကြမယ့် ဧည့်သည်တွေအနေနဲ့ တယောက်ကို ဝင်ကြေး ၅၀၀ ကျပ် (တော်ဝင်မြက်ခင်းပြင်နှင့် အရှေ့မြောက်ဆောင်ရှိဆိုင်ခန်းများသာ၊ Guided Tour areas မပါ)နဲ့ သိမ်ဖြူလမ်းနဲ့ အနော်ရထာလမ်း ဝင်ပေါက်တွေက လာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။

အတွင်းဝန်ရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နေရာအဖြစ် လူသိများပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အာဇာနည်နေ့မှာ အများပြည်သူ ဝင်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ကို ဗြိတိသျှကိုလိုနီအစိုးရရဲ့ ရုံးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဗစ်တိုးရီးယန်း စတိုင်အဆောက်အအုံကြီးကို ၁၈၈၉ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၃ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးသွားတဲ့အချိန်ကစလို့ အတွင်းဝန်ရုံးကနေပဲ နိုင်ငံရေး၊ စစ်ရေး၊ ရဲအရေး၊ အခွန်အတုတ်အရေး၊ သစ်တောရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး၊ စည်ပင်သာယာရေး အစရှိတဲ့ဌာနတွေကိုပါ ထည့်သွင်းပြီး ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးစနစ် တစ်ခုလုံးကို စီမံအုပ်ချုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ရုံး ချိန်ပြင်ပ၊ ညနေပိုင်းတွေမှာ ခြံဝင်းအတွင်းကို အများပြည်သူ အပန်းဖြေနိုင်အောင် ဖွင့် လှစ်ပေးလေ့ရှိပါတယ်။

အတွင်းဝန်ရုံးပရဝုဏ်အတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွှတ်တော်အ ဆောက်အအုံ တည်ရှိခဲ့ပြီး ၁၉၄၇ ခုနှစ်ကနေ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် မတိုင်ခင်ထိ လွှတ်တော်အစည်းအဝေးတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး ၁၅ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး လွတ်လပ်ရေးရပြီးတဲ့အခါ အဲဒီအဆောက်အအုံကို လွှတ်တော် နှစ်ရပ်ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံလွှတ်တော်အနက် တစ်ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်အဖြစ် အသုံးပြုခဲ့ပါတယ်။ အထက်လွှတ်တော်ဖြစ်တဲ့ လူမျိုးစုလွှတ်တော်က ကမ်းနားလမ်းမှာရှိတဲ့ ယခင် စုပေါင်းရုံး (ပုလိပ်မင်းကြီးရုံး)မှာ တည်ရှိခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ဝန်ကြီးဌာနတွေနဲ့ အစိုးရဌာနတွေကို အတွင်းဝန်ရုံးထဲမှာပဲ ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှာ ဝန်ကြီးများရုံးလို့ အမည်ပြောင်း ခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီအဆောက်အအုံကို မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး အမွေ အနှစ်နေရာအဖြစ် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖြစ်တဲ့ YHT က စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013