DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်းအတွက် ADB ထံမှ ဒေါ်လာသန်း ၁၈၀ ချေးငွေရယူမည်
DVB
·
July 16, 2020
ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်းအတွက် ADB ထံမှ ဒေါ်လာသန်း ၁၈၀ ချေးငွေရယူမည်
Donate to DVB

ရန်ကုန်မြို့တော် ‌ရေဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံကနေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူခွင့်ပြုဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ လာရောက် ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဇူလိုင် ၁၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်းမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ကို လာရောက်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။

 ရန်ကုန်ရေဖူလုံရေးစီမံကိန်းထဲက တစ်ခုဖြစ်တဲ့ လှည်းကူးမြို့နယ်၊ ငမိုးရိပ်ဆည်က ရေကို မြေသားရေခေါ်တူးမြောင်းနဲ့ ရယူနေတဲ့အစား ရေပိုက်လိုင်းနဲ့ ရယူဖို့ အတွက် ADB   ဘဏ် ထံကနေ အမေရိကန်ဒေါ်လာသန်း ၁၈၀ ချေးယူသွားမှာလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့ကို ပေးဝေနေတဲ့ ရေပမာဏစုစုပေါင်းရဲ့ ၆၆ ရာခိုင်နှုန်းကို ငမိုးရိပ်ဆည်က ပေးဝေနေတာဖြစ်ပြီး ရေပိုက်လိုင်းနဲ့ ပေးဝေခြင်းကို မဖြစ်မနေ ပြောင်းလဲဖို့ လိုအပ်နေပြီလို့ဆိုပါတယ်။

ငမိုးရိပ်ဆည်က ရေကို မြေသားမြောင်းအစား ရေပိုက်လိုင်းနဲ့ ပြောင်းလဲရယူပါက ရရှိနိုင်မယ့် အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ပတ်ဝန်းကျင်ကြောင့် ညစ်ညမ်းမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ ရေသန့်စင်စက်ရုံအတွက် ရေလိုအပ်ချက်အတွက် လွတ်လပ်စွာစီမံခန့်ခွဲနိုင်ခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ရေပေးမြောင်းမကြီး (Open Channel) ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကြောင့် ဖြစ်ပေါ်နိုင်သည့် ရန်ကုန်မြို့တော်ရေပေးဝေရေးကို ထိခိုက်နိုင်သည့် ဖြစ်ရပ်များအား ရှောင်ရှားနိုင်ခြင်း၊ အနာဂတ်တွင် ရေပေးဝေနိုင်သည့် ပမာဏပိုမိုတိုးချဲ့နိုင်ခြင်း၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း စည်သည့် အကျိုးကျေးဇူး များ ရရှိမှာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ ဒသ ၁၆ သန်း နေထိုင်တဲ့ ရန်ကုန်မြို့ရဲ့ နေ့စဉ် ရေပေးဝေမှုမှာ ၉၀ ရာခိုင်နှုန်းဟာ မြေပေါ်ရေမှ ရရှိနေတာဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုတော့ မြေအောက်ရေမှ ထုတ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ နှစ်စဉ် နေထိုင်သူ တိုးပွားနေတာကြောင့် အနာဂတ်ရေပေးဝေမှု ကောင်းမွန်စေ ဖို့နဲ့ ရေလိုအပ်ချက် ပိုမိုလာခြင်းတို့နဲ့ ကြုံတွေ့နေရတဲ့အတွက် အခုလို ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစီမံကိန်းကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကဦးစီးပြီး လှည်းကူးမြို့နယ်အတွင်းမှာ ဆောင်ရွက်မှာပါ။

စီမံကိန်းကို ဦးစီးဆောင်ရွက်မယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ပြည်ပချေးငွေတွေနဲ့ ပတ်သက်ပြီးလည်း ဦးမောင်မောင်ဝင်းက “ ၃၁.၃.၂၀၂၀ ရက်နေ့အထိ စာရင်းအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စာချုပ်ချုပ်ဆိုပြီး ပြည်ပချေးငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂၀၀ သန်းဖြစ်ပြီး ထုတ်ယူသုံးစွဲငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁၈ သန်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ၃၁.၃.၂၀၂၀ ရက်နေ့ရှိ ကြွေးမြီဆပ်ရန်လက်ကျန်မှာ အမေရိကန်ဒေါ်လာ ၁၁၈ သန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် ” လို့ ပြောပါတယ်။

အခုစီမံကိန်းကို ၂၀၂၀ ဒီဇင်ဘာလကနေ ၂၀၂၅ ဒီဇင်ဘာအထိ ၅ နှစ်ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။ စီမံကိန်း ဆောင်ရွက်ဖို့အတွက် ရယူမယ့်  ADB ထံက ချေးငွေဟာ ဆိုင်းငံ့ကာလ ၈ နှစ်၊ပြန်ဆပ်ကာလ ၂၄ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွက် တစ်နှစ်ကို ၁ ရာခိုင်နှုန်း၊ပြန်ဆပ်ကာလအတွက် ၁.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

ဒီချေးငွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၂၁ ရက် နောက်ဆုံးထားအမည်စာရင်းပေးသွင်းရမှာဖြစ်ကာ ဇူလိုင် ၂၂ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုတာတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013