DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်တွင် ယခုနှစ်အတွင်း ၅၇ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိမည်
DVB
·
July 15, 2020
ဆိပ်ဖြူမြို့နယ်တွင် ယခုနှစ်အတွင်း ၅၇ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိမည်
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက အခုနှစ် ဘဏ္ဍာရေးနှစ် မှာ ကျေးရွာ ၄၅ ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ပြီးစီးပါက မြို့နယ်အတွင်း ၅၇ ဒသမ ၀၇ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းရရှိပြီလို့ ဆိပ်ဖြူမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးက ပြောပါတယ်။

အခုနှစ် ၂၀၁၉-၂၀ ခုနှစ်အတွင်း တိုင်းဒေသကြီးဘတ်ဂျတ်နဲ့ ကျေးရွာ ၄၅ ရွာ၊ NEP စီမံကိန်းနဲ့ Phase one မှာ ကျေးရွာ ၁၄ ရွာ၊ Phase Two မှာ ကျေးရွာ ၆ ရွာ၊ စုစုပေါင်း ကျေးရွာ ၄၅ ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေကို လုပ်ငန်းတင်ဒါအောင် ကုမ္ပဏီ သုံးခုနဲ့အတူ ဓါတ်အားလိုင်းတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေတာပါ။

မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးက "တိုင်းဒေသကြီးလုပ်ငန်းက ပြီးရမှာ။ NEP ကလည်း F 1 က လက်ရှိကတော့ ပစ္စည်းက စုံသလောက်ရောက်နေပြီ။ F2 က ကျနော့်မြို့နယ်က ခြောက်ရွာပဲပါတာ။ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးရင် တစ်မြို့နယ်လုံးလျှပ်စစ်မီးလင်းရရှိမှုက F 2 မပါရင် ၅၃ ဒသမ ၈၄ ရာခိုင်နှုန်း၊ F 2 ပါရင် ၅၇ ဒသမ ၀၇ ရာခိုင်နှုန်း မီးလင်းမှာပါ"လို့ ပြော​ပါတယ်။

တိုင်းဒေသကြီးဘတ်ဂျက်ငွေနဲ့ ကျေးရွာ ၂၅ ရွာ လျှပ်စစ်မီးရေး ၁၁ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်ခြင်း ၃၈ မိုင်၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂၈ လုံး၊ စုစုပေါင်း ထရန်စဖော်မာ အလုံး ၃၀ လုံး တပ်ဆင်ခြင်းလုပ်ငန်းတွေဖြစ်​ပြီး အခုဇူလိုင်လ ၁၄ ရက်အထိ အုန်းပင်ကျေးရွာ၊ ချတောင်ကျေးရွာ၊ ထန်းပင်ချောင်းကျေးရွာစတဲ့ ကျေးရွာ ၃ ရွာ လျှပ်စစ်မီးရေးဆောင်ရွက်ပြီးစီးနေပြီလို့လည်း ဆိုပါတယ်။

NEP စီမံကိန်း ပထမဦးစားပေး F 1 မှ ကျေးရွာ ၁၄ ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ချင်းတောင်၊ ဆူးလေကုန်း၊ တောင်ငယ်လုံး၊နဲ့ ကမ္ဘားကြီးကျေးရွာတို့မှာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပြီး ကျန်ရှိတဲ့ မီးလင်းရေးလုပ်ငန်းတွေ ဆက်လက်တည်ဆောက်နေ ကြောင်း သိရပါတယ်။

တိုင်းဒေသကြီးဘတ်ဂျက်ငွေနဲ့ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိ အိမ်သုံးဓါတ်အားလိုင်း ၄၀၀ ဗို့၊ သရီးဖေ့စ် ဓါတ်အားလိုင်းကို 95mm2 ကာဘာကြိုး ၅ ကြိုး အသစ်လှဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း ခုနှစ်မိုင် ကိုလည်း ဆောင်ရွက်နေပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာစုစုပေါင်း ၁၄၀ ရွာရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၂၂ ရွာ လျှပ်စစ်မီးရရှိခဲ့ကြောင်း၊ အခုနှစ်အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပြီးပါက ကျေးရွာစုစုပေါင်း ၆၇ ရွာ လျှပ်စစ်မီးရရှိမှာဖြစ်ပြီး ကျေးရွာ ၇၃ ရွာ လျှပ်စစ်မီးလင်းဖို့ ကျန်ရှိ‌နေကြောင်း လျှပ်စစ်အင်ဂျင်နီယာရုံး မှသိရပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ အိမ်ခြေစုစုပေါင်း ၂၃၄၆၉ အိမ်ရှိပြီး အခုဇူလိုင် ၁၄ ရက်အထိ လျှပ်စစ်မီးသုံးစွဲသူဦးရေပေါင်း ၇၁၈၈ ဦး လျှပ်စစ်မီး အသုံးပြုနေကြပြီး မြို့နယ်တွင် ၃၀ ဒသမ ၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးကြောင်းနဲ့ ယခုနှစ်အတွင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးပါက တစ်မြို့နယ်လုံး ၅၇ ဒသမ ၀၇ ရာခိုင်နှုန်း လျှပ်စစ်မီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးက ပြောပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013