DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ရှိ စာသင်ကျောင်းများအတွက် ကိုဗစ်-၁၉  ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
DVB
·
July 14, 2020
ကယားပြည်နယ်ရှိ စာသင်ကျောင်းများအတွက် ကိုဗစ်-၁၉  ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Donate to DVB

ကယားပြည်နယ်အတွင်း ပြန်လည်ဖွင့်လှစ်မယ့် အခြေခံ ပညာအထက်တန်းကျောင်းတွေအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းပေးအပ်ပွဲကို ဒီကနေ့ လွိုင်ကော်မြို့ရှိ  ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမမှာ ကျင်းပပါတယ်။

ကယားပြည်နယ်တပြည်နယ်လုံးမှာရှိတဲ့ အ‌ခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲပေါင်း  ၅၆ ကျောင်းအတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေး ထောက်ပံ့ပစ္စည်းတွေကို ပြည်နယ်အစိုးရက ပေးအပ်တာဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက “ ဒီဆရာဆရာမတွေ၊ကျောင်းသူကျောင်းသားတွေ အဆင်ပြေဖို့အတွက် လက်ရှိကိုဗစ်ရောဂါကြောင့် လက်ရှိစိန်ခေါ်မှုတွေ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ အစိုးရတရပ်အနေနဲ့ မသိလို့မဟုတ်ပါဘူး။ ဒီလိုအခက်ခဲတွေ၊ စိတ်ခေါ်မှုတွေကို တွန်းလှန်းပြီး ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်မယ့်ကျောင်းအရေအတွက်ကတော့ အထက်တန်းကျောင်း ၃၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၉ ကျောင်း၊ စုစုပေါင်း ၅၆ ကျောင်း၊ ဆရာဆရာမအရေအတွက် ၅၃၄ ဦး၊  ၉ တန်း၊ ၁၀ တန်း ကျောင်းသူ ကျောင်းသားအရေအတွက်ကတော့ ၁၆၄၄၉ ဦးရှိတယ်လို့လည်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့မှာတော့ ကျောင်းတွေအတွက် လက်ဆေးဘေစင်၊ ရေပုံး၊ ဆပ်ပြာ၊ ရေခွက်၊ ဆပ်ပြာခွက်တွေ၊  MASK တွေအပါအဝင်  စုစုပေါင်းတန်ဖိုးကျပ်  ၅,၆၈၄,၀၀၀  ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဒီလိုပေးအပ်ရာမှာ MASK တွေလိုအပ်ချက်တွေလည်း ရှိနေမှာဖြစ်ပြီး MASK အသုံးပြုတာဟာ ရောဂါကာကွယ်မှုအတွက် ထိရောက်မှုရှိတဲ့အတွက် ကျောင်းတွေမှာအသုံးပြုဖို့ ပြန်လျှော်နိုင်တဲ့ MASK တွေအသုံးပြုဖို့နဲ့ ဆရာမိဘတွေအနေနဲ့လည်း ကူညီဖြေရှင်းပေးဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ဒါအပြင် ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ လက်ဆေးဘေစင် ၁၉၆ ခုကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး ကျောင်းဖွင့်ရာသီအမီရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ကတိပေး ပြောဆိုခဲ့ပါတယ်။

အခမ်းအနားသို့ တက်ရောက်လာတဲ့ ဒီးမော့ဆိုမြို့နယ်က ကျောင်းအုပ်ဆရာမတဦးကတော့“ ကျမကျောင်းမှာ ဒီအထက်တန်းအဆင့်ကတော့ ၂၈၀ လောက်ရှိမှာပေါ့နော်။ အခက်အခဲကတော့ ရေပေါ့ရှင့်။ ကျောင်းသားဦးရေနည်းရင်တော့ မိဘကော်မီတီနဲ့ စီစဉ်ပြီးမှ အသုံးပြုလို့ရပေမယ့် ကျောင်းသားများတဲ့အတွက် ရေအခက်အခဲတော်တော်လေးဖြစ်နေပါတယ်။ ကိုဗစ်ကာလမှာ ကျမတို့ရဲ့ ရေအခက်အခဲကိုများ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုများပံ့ပို့ကူညီပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။”လို့ မေးမြန်းခဲ့ပါတယ်။

ဒီအပေါ်ဝန်ကြီးချုပ်အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနှစ်ကျောင်းအပ်နှံရေးသီတင်းပတ်ဆောင်ပုဒ်အဖြစ် “မည်သည့် ခွဲခြားမှုမျှ မရှိဘဲ ကျောင်းနေ အရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင် ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံးဝိုင်းဝန်းကူညီစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရည်မှန်းချက်တွေ အောင်မြင်အောင် အရင်ထက် ပိုမိုကြိုးပမ်းကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားမှာ ပြည်နယ်တခုလုံးရှိ အထက်တန်းနဲ့အထက်တန်းခွဲကျောင်း ၅၆ ကျောင်းက ကျောင်းအုပ်ဆရာဆရာမကြီးတွေအပါအဝင် မြို့နယ်၊ ခရိုင်ပညာရေးမှူးတွေ တက်ရောက်ခဲ့သလို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတချို့ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013