DVB Logo
Home
သုံးသပ်ချက်
သူရဲသဘက် တီးလုံးအတိုင်း ကခုန်ကြရပေတော့မည်၊ စစ်တပ်အလိုကျ အသုံးတော်ခံလွှတ်တော်
DVB
·
March 18, 2026
သူရဲသဘက် တီးလုံးအတိုင်း ကခုန်ကြရပေတော့မည်၊ စစ်တပ်အလိုကျ အသုံးတော်ခံလွှတ်တော်
Donate to DVB

လူထုကလည်း တစက်မှ မလိုလား၊ ပြည်သူ့အကျိုးကို တခုတလေမျှ လုပ်ပေးကြမည် မဟုတ်မှန်း သိသိကြီးနှင့် မတတ်သာ၍ မဲထည့်ပေးလိုက်ရသူများက မတ် ၁၆ ရက်နေ့က နေပြည်တော်တွင် လာရောက်စုဝေးကြပြီး လွှတ်တော်အဖြစ် စစ်တပ်အလိုကျ အသုံးတော်ခံရန် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဤသို့ဖြင့် အမှန်တကယ် အာဏာပိုင်စိုးသူ စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည့် ဒီမိုကရေစီသို့ အမည်ခံ ပြန်လည်ကူးပြောင်းရေးလုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်များထဲမှ တခုဖြစ်လာခဲ့သည်။

မဲရုံများသို့ လာရောက်မဲပေးသူ နည်းပါးခြင်း၊ အားကောင်းသည့် အတိုက်အခံ မရှိခြင်းတို့ကြားမှ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှမ်းမိုးထားသည့် အဆင့်ဆင့် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

USDP ဥက္ကဋ္ဌ ရဲချုပ်ဟောင်း ခင်ရီကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဤသည်မှာလည်း အဆန်းတကြယ်‌တော့ မဟုတ်၊ ထိုရာထူးအတွက်သာ လျာထားကြောင်း အစောပိုင်းကတည်းက သတင်းထွက်ပေါ်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းအား စစ်တပ်၏ မူဝါဒများကို အဓိကနေရာမှ ရှေ့ဆက် အကောင်အထည်ဖော်ပေးရမည့်သူအဖြစ် ရှုမြင်ထားကြပြီး ဖြစ်သည်။ ပြန်ဝန်‌ဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းသည် ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

အံ့ဩဖို့ကောင်းသည်က ၎င်းတို့အဆို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် ပါတီခေါင်းဆောင်ကြီးသည် အစဉ်အလာအရ နိုင်‌ငံ၏ အုပ်ချုပ်ရေးအာဏာကို ပိုင်စိုးထားသည့် သမ္မတ ဖြစ်မလာခြင်းကပင် ရွေးကောက်ပွဲသည် “လုပ်ပွဲကြီး” ဆိုသည်ကို နိုင်ငံတကာ၏ ယူဆထားသည်များ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ခြင်းသာ ဖြစ်သည်။

ပြည်သူအများစုသည် ပြည်တွင်းစစ်နှင့် လူသားချင်း စာနာထောက်ထားစရာ အကျပ်အတည်းများကြောင့် ဒုက္ခပင်လယ်‌ဝေလျက်ရှိချိန်တွင် ထိုဖြစ်ရပ်သည် ၎င်းတို့နှင့် လားလားမျှမဆိုင်သည့်အလား ခေါင်းပေါင်းစ တလူလူနှင့် စုဝေးလာကြပြီး ၎င်းတို့ ကြံစည်ထားသည်များကို ဆက်၍ အကောင်အထည်ဖော်ကြ‌ပေတော့မည်။

အဓိကရည်ရွယ်ချက်သည်က နိုင်ငံတကာတွင် လူရာပြန်ဝင်ရန် တရားဝင် အစိုး‌ရသဖွယ် ဖန်တီးလို၍ ဖြစ်သည်။ ထိုလွှတ်တော်တွင် စစ်တပ်နှင့် မပတ်သက်သည့် သူ၊ စစ်တပ် အသိုက်အဝန်း မဟုတ်သူ ဟူ၍ ရာခိုင်နှုန်း အနည်းငယ်မျှသာ ပါဝင်လာသည်ကို တွေ့ရမည်သာ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သမ္မတ ရာထူးကို ရွေးချယ်နိုင်သည့် ပြည်သူ့အာဏာသည် စစ်တပ်လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားစေသည့် ကြိုတင်ကြံစည်မှုသာ ဖြစ်သည်။

သမ္မတ လုပ်ရန် ဆယ်စုနှစ်တစုမျှ အောင့်အည်းထားရပြီး ရေးပေးထားသော စာကိုပင် လေးလုံးကွဲ ဋ္ဌာန်ကရိုဏ်းကျအောင် ဖတ်နိုင် ပြောနိုင်ခြင်း မရှိရှာသည့် ပုဂ္ဂိုလ်က သမ္မတ ဖြစ်လာပေတော့မည်၊ လူထုအတွက်က အနှစ်သာရရှိမည့် အပြောင်းအလဲဟူ၍ ထွက်ပေါ်လာဖို့ မရှိပေ။ တိုင်းပြည်အကျိုးကို အမှန်တကယ် စိတ်ရင်းစေတနာ အပြည့်၊ ကိုယ်ကျိုးမဖက် သယ်ပိုးခဲ့‌သော အသက် ၈၀ ရှိ နိုင်ငံခေါင်းဆောင်ကြီး (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်) ၏ ကံကြမ္မာသည်လည်း ထိုသို့သော လူမျိုးက မှောက်ချင်မှောက် သွန်လိုသွန် ဘဝ ရောက်နေရသည်က လွန်စွာမှ ရင်နာဖို့ကောင်းလှပေသည်။

အလျဉ်းသင့်၍ ပြောလိုသည်မှာ နိုဘယ်လ် ဆုရှင်တဦး ကွယ်လွန်ပါက သုံးရက်အတွင်း နိုင်ငံတကာသို့ အသိပေးရမည် ဟူသော “ဂျင်း” မျိုးကို ယုံကြည်မထားကြဖို့ အသိပေးလိုပါသည်။

ယခု အမတ် ၃၇၃ ဦးပါ လွှတ်တော်သည် မင်းအောင်လှိုင် စီမံထားသည့် အဖွဲ့ဝင် ၅ ဦး ပါဝင်သော “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ကို  ဖွဲ့စည်းပေးသွားရမည် ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုအဖွဲ့မှတဆင့် စစ်ဘက်ကိုပါ ဆက်၍ ဆုပ်ကိုင်ထားနိုင်မည်ဟု ယုံကြည်ထားသောကြောင့်လည်း ဖြစ်သည်။

အရပ်သားအစိုးရဟု အမည်ခံထားသည့် အစိုးရတရပ်သို့ အသွင်ကူးပြောင်းရန် ဦးဆောင်စီစဉ်ခဲ့သည့် မင်းအောင်လှိုင်သည် မတ်လကုန်ပိုင်းတွင် သမ္မတရာထူးကို မရယူမီ စစ်တပ်၏ အမြင့်ဆုံးရာထူးအား အသက် ၆၀ ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လက်လွှဲပေးဖွယ် ရှိကြောင်း ထင်ကြေးပေးထားပြီး ဖြစ်သည်။ 

၎င်းသည် မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို နရသိန်ထောင်ကြီးအတွင်း နှိပ်စက်ညှဉ်းပန်းခဲ့မှုများတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားနေသူ ဖြစ်သည်။ မင်းအောင်လှိုင် ခိုင်းသမျှ လုပ်မည့် ရုပ်သေးသာသာအဖြစ်နှင့် ၎င်း၏ရပ်တည်မှုကို ခြိမ်းခြောက်ခံရမည် မဟုတ်ဟု ယုံကြည်ထား၍လည်း ဖြစ်သည်ဟု AFP သတင်းက ကမ္ဘာသို့ ချပြသွားခဲ့သည်။

ရဲဝင်းဦးသည် တိုက်ရည်ခိုက်ရည်တွင် လေးစားလောက်စရာ တစက်မျှ ရှိခဲ့သူ မဟုတ်သော်လည်း ထောက်လှမ်းရေးအကြီးအကဲအဖြစ် ၎င်းတို့၏ အတွင်းရေးများကို အူမ ချေးခါး မကျန် သိထား၍လည်း တပ်မှူးကြီးများက ထိတ်လန့် ကြောက်ရွံခြင်း ခံနေရသူ ဖြစ်သည်။ စာရွက်ပေါ်တွင်သာရှိသည့် ဗိုလ်ချုပ်၊ မင်းအောင်လှိုင်၏ ‘လက်ကိုင်တုတ်’ အဖြစ် စစ်တပ်အတွင်း သတ်မှတ်ခံရသူက ကာချုပ် ဖြစ်လာမည့်အရေးသည် စစ်တပ်အတွက်တော့ အားတက်စရာ ဖြစ်လာမည် မဟုတ်ပေ။

ဧပြီလတွင် အစိုးရသစ် ဖွဲ့စည်းမည်ဟု ပြောဆိုထားပြီး အရေးယူပိတ်ဆို့မှုများ လျော့ပေါ့လာခြင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလိမ့်မည်ဟုလည်း စိတ်ကူးယဉ်နေကြသည်။

ဂျပန်နိုင်ငံထုတ် အဆာဟီ ရှင်ဘွန်း သတင်းစာပါပုံတွင် စစ်မြေပြင်သို့ မထွက်ရဘဲ အဲယားကွန်း အခန်းကျယ်ကြီးထဲတွင် ယခင်ကလို ထိုင်လိုက် ထလိုက် လုပ်စရာမလိုဘဲ သဘောရှိ အိပ်ငိုက်လို့ရမည့် လေးပုံ တပုံ ဖြစ်‌သော မောင်ကံကောင်း ၉၃  ယောက် ရောက်ရှိလာသည်ကို တွေ့ကြရမည် ဖြစ်သည်။

လွှတ်တော်သို့ သွားရာ လမ်းမကြီးများကို ပိတ်ဆို့ထားခဲ့ပြီး၊ ယာဉ်များ လွှတ်တော်အတွင်းသို့ မဝင်ရောက်မီ ဖောက်ခွဲရေးပစ္စည်းများ ရှိ၊ မရှိ အစစ်ဆေးခံပြီးမှ ဝင်ရောက်လာခဲ့ရခြင်းလည်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

၂၁၃ ဦး ပါ အမျိုးသားလွှတ်တော်ကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် လွှတ်တော်များကို နောက် ၂ ရက်ကြာတွင် စတင်မည်ဟု သိရသည်။

လွှတ်တော် နှစ်ရပ်ပေါင်း ၅၈၆ နေရာတွင် စစ်တပ်၏ တိုက်ရိုက်ခန့်အပ်မှု ၁၆၆ နေရာ၊ စစ်တပ်၏ USDP ပါတီသည် ၃၃၉ နေရာ ရရှိပြီး ကျန်ရှိတဲ့နေရာ ၈၁ နေရာကို တခြားပါတီ ၂၁ ခုအား ခွဲဝေပေးခဲ့သည်။ ပါတီတခုချင်းစီအလိုက် နေရာ ၁ နေရာကနေ ၂၀ နေရာအထိသာ ရရှိခဲ့ကြသည်။ ပုံတွင် တွေ့ရမည်က စစ်တပ်၏ ဒီမိုကရေစီ အရေခြုံ လွှတ်တော်ကြီးအဖြစ် တွေ့ရမည် ဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013