DVB Logo
Home
မြန်မာသတင်း
ကိုဗစ်–၁၉ တုံ့ပြန်ရေး အမေရိကန်က ဒေါ်လာ ၃ သန်းထပ်ပေးမည်၊ စုစုပေါင်း သန်း ၁၃၀၀ ရှိ
DVB
·
July 11, 2020
ကိုဗစ်–၁၉ တုံ့ပြန်ရေး အမေရိကန်က ဒေါ်လာ ၃ သန်းထပ်ပေးမည်၊ စုစုပေါင်း သန်း ၁၃၀၀ ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့တာ လျော့ပါးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၃ သန်း ထပ်ပေးမှာဖြစ်ပြီး နှစ် ၂၀ အတွင်း စုစုပေါင်း ဒေါ်လာ သန်း ၁၃၀၀ ကူညီပေးခဲ့ပြီဖြစ်ပါတယ်။

ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပေးအပ်လာခဲ့တာဖြစ်လို့ စုစုပေါင်းဒေါ်လာ ၁၆ ဒသမ ၅ သန်း ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ထပ်ဆောင်းရန်ပုံ‌ငွေတွေကို ထိခိုက်ခံစားလွယ်ပြည်သူတွေနဲ့ ပဋိပက္ခဘေးဒဏ်ခံရသူတွေ ကိုဗစ်–၁၉ ကူးစက်မှု တိုက်ဖျက်ရေးအတွက် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက “အမေရိကန်ပြည်ထောင်စုဟာ အခုလိုထည့်ဝင်မှုတွေက တဆင့် မြန်မာနိုင်ငံအတွင်းကပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေပေးအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရကပေးအပ်လာခဲ့တာ အခုဆိုရင် ဒေါ်လာ ၁၆ ဒသမ ၅ သန်းရှိပြီဖြစ်ပြီး နိုင်ငံတဝန်းကျန်းမာရေးကဏ္ဍအတွက် ကျနော်တို့ရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံအားဖြည့်တာပါ။ ဒီအကူအညီတွေဟာ ပဋိပက္ခဘေးဒဏ်ခံကြရသူတွေအပါအဝင် မြန်မာနိုင်ငံအတွင်းကပြည်သူတွေဆီကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်က ကျန်းမာရေးကဏ္ဍအတွက်ပေးအပ်ခဲ့တဲ့ အကူအညီဟာ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ ကာလရှည်ကြာအကူအညီအနေနဲ့ ပေးအပ်ခဲ့တာ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ (သန်း ၁၃၀၀) ရှိပြီလို့လည်း သူက ဆက်ပြောပါတယ်။

အခု ထပ်ပေးမယ့် ဒေါ်လာ ၃ သန်းကို ရေပြတ်လပ်တာကို ဖြေရှင်းဖို့၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေအပါအဝင် ထိခိုက်လွယ်သူတွေအတွက် ဆပ်ပြာ၊ လက်ဆေးစက်တွေအပါအဝင် မိလ္လာဆိုင်ရာ အထောက်အပံ့တွေလုပ်မယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ အန္တရာယ်ကြီးတဲ့ဒေသတွေမှာ အရေးကြီးတဲ့ သန့်ရှင်းရေးအထောက်အပံ့တွေပေးတာ၊ quarantine ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကလေးတွေအတွက်အပါအဝင် ကလေးငယ်တွေ ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်တာတွေ ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် မိသားစုနဲ့ စီးပွားရေးအပေါ် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့်  ကျား မ အခြေပြုတဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်တုံ့ပြန်ဖို့အတွက်လည်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ဒီမတိုင်ခင်ကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ကွင်းဆက်စုံစမ်းတာ၊ ကျန်းမာရေးဝန်ဆောင်ပေးနေသူတွေ ဘေးကင်းရေး၊ ဓာတ်ခွဲခန်းတွေ တိုးချဲ့ရေး၊ သတင်းအချက်တွေ ဖြန့်ဝေရေး စတာတွေအတွက်ထောက်ပံ့ခဲ့ပြီး ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းပေးခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013