
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့တော်ရဲ့ ဆင်းရဲသားရပ်ကွက်တခုမှာ ဝှက်ထားတဲ့ ဆေးခြောက် တန်ချိန် ၅၀ နီးပါးလောက်ကို “ဟတ်လ်ခ်” အမည်ရှိ ရဲခွေးတကောင်က အနံ့ခံ ဖော်ထုတ်ရှာဖွေတွေ့ရှိခဲ့ပြီး ဒီစစ်ဆင်ရေးဟာ ပြည်နယ်သမိုင်းတလျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲက တခုဖြစ်လာပါတယ်။
ဧပြီ ၈ ရက် မနက်အစောပိုင်းမှာ အရာရှိတွေက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေနဲ့အတူ မှတ်တမ်းဓာတ်ပုံ ရိုက်နေကြချိန်မှာ အသက် ၄ နှစ်သား ဘယ်လ်ဂျီယံ မာလီနွိုက်စ် အမျိုးအစား ရဲခွေးလေး ဟတ်လ်ခ် ကလည်း အဲဒီပစ္စည်းပုံပေါ်မှာ တက်ထိုင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
ရီယိုမြို့တော် မြောက်ပိုင်းဇုန်ရှိ ကွန်ပလက်ဆို ဒါမားရေ နယ်မြေထဲက နိုဗာ ဟိုလန်ဒါ ရပ်ကွက်ရှိ စက်ရုံတခုရဲ့ ခေါင်မိုးပေါ်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာတခုထဲမှာ မူးယစ်ဆေးဝါးတွေကို ဝှက်ထားတာလို့ စစ်ဘက်ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေးအတွင်းမှာ ဟတ်လ်ခ်က ကွန်ကရစ်နဲ့ပိတ်ထားတဲ့ ရေသိုလှောင်ကန်တခု ရှိနေကြောင်းကို ရဲအရာရှိတွေဆီ အသိပေး အချက်ပြခဲ့ပြီး အဲဒီနေရာဟာ ဘန်ကာအဝင်ပေါက်ကို ဖုံးကွယ်ထားတာကို တွေ့ခဲ့ရပါတယ်။
ရဲခွေးဌာန တပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး လူစီယာနို ပက်ဒရို ဘာဘိုဆာ ဒါ ဆီလ်ဗာက “သူ့ရဲ့ အနံ့ခံနိုင်စွမ်းက လူသားထက် အဆ ၁ သိန်း ပိုမိုကောင်းမွန်ပါတယ်။ သူ့အပြုအမူကြောင့် အဲဒီနေရာမှာ တခုခုရှိနေတယ်ဆိုတာ သိခဲ့ရတာပါ” လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ထောက်လှမ်းရေးသတင်းတွေပေါ် အခြေခံပြီး ရဲအရာရှိ ၂၅၀ ကျော်နဲ့ အင်အားသုံး ဆောင်ရွက်ခဲ့တာပါ။
မူးယစ်ဆေးဝါးတွေအပြင် ရိုင်ဖယ်သေနတ် ၅ လက်၊ ပစ္စတို ၄ လက်နဲ့အတူ ခိုးယူခံထားရတဲ့ မော်တော်ကားနဲ့ ဆိုင်ကယ် ၂၆ စီးကိုပါ သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူတယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
အာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီဖမ်းဆီးရမိမှုဟာ အဆိုပါနယ်မြေကို စိုးမိုးထားတဲ့ ရာဇ၀တ်ဂိုဏ်းအတွက် အနည်းဆုံး ရေအိုင်းစ် ငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၂၅ သန်း) လောက် ဆုံးရှုံးသွားမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










