
စစ်ကိုင်းတိုင်း ရေဦးမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရသူ လူငယ် ၇ ယောက်ဟာ ဇွန် ၁၄ ရက်က အစောင့်တွေကို ထိုးကြိတ်ပြီး ထွက်ပြေးလွတ်မြောက်လာကြတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။
ရေဦးမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံကေ “ရေဦးမြို့ပေါ်မှာ ပေါ်တာဆွဲခံရပြီးတော့ မြို့ပေါ်က အထက ၂ မှာ ထိန်းသိမ်းခံထားရတဲ့ လူငယ် ၇ ယောက် ထွက်ပြေးလွတ်မြောက်လာတာပါ။ သူတို့ ၇ ယောက်လုံးက အသက် ၂၀ နဲ့ ၃၀ ကြားတွေဖြစ်ကြပြီးတော့ ရေဦးမြို့ပေါ်နဲ့ ရေဦးမြို့နယ်ထဲက ရွာတွေကပါ” လို့ ပြောပါတယ်။
အဆိုပါ ၇ ယောက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းတွေမှာ ပေါ်တာဆွဲခံခဲ့ရပြီး ရေဦးမြို့ပေါ်က အထက ၂ ကျောင်းမှာ ထိန်းသိမ်းခံထားရတာလို့ ဆိုပါတယ်။
ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “ထွက်ပြေးလာတဲ့သူတွေဟာ ပြည်သူတွေကတဆင့် ကျေးရွာပကဖ ကို ချိတ်ဆက်ပြီး မြို့နယ်ပကဖ ဆီကို ရောက်လာခဲ့ကြတာပါ။ သူတို့ ၇ ယောက်လုံး လူငယ်တွေဖြစ်ပြီးတော့ သူတို့ကို ထိန်းသိမ်းထားတဲ့ စာသင်ကျောင်းမှာ အစောင့်တွေက ၆၀ ကျော် အဘိုးကြီး ၃ ယောက်တဲ့။ အဲ့ဒီ အဘိုးကြီး ၃ ယောက်ကို ထိုးကြိတ်ပြီးထွက်ပြေးလာကြတာ။ သူတို့ထဲက တယောက်က မြို့ပေါ်ကို မှတ်ပုံတင်လာလုပ်ရင်း အဆွဲခံရတာ။ နောက်တယောက်က စစ်ကိုင်းဘက် ရတနာပုံတံတားနားမှာ ကားပေါ်ကနေ ဆွဲအချခံရတာ။ သူတို့ ၂ ယောက်ကတော့ သူတို့ရွာတွေကို ပြန်ဖို့ဆန္ဒရှိလို့ စီစဥ်ပေးရမှာပါ။ ကျန်တဲ့ ၅ ယောက်က ရေဦးမြို့ပေါ်ကဖြစ်ပြီးတော့ အိမ်တွေထဲကို ဝင်ဆွဲခံရသူတွေပါ။ သူတို့က မြို့ပေါ်မှာနေကြတာဆိုတော့ မပြန်ရဲကြလို့ သူတို့တွေရဲ့ မိသားစုတွေခေါ်ပြီး ကျနော်တို့ စိုးမိုးနယ်မြေထဲက ရွာတရွာမှာ နေထိုင်စားသောက်ရေးနဲ့ အလုပ်အကိုင်တွေ စီစဥ်ပေးရမှာပါ” လို့ DVB ကို ပြောပါတယ်။
ရေဦးမြို့ပေါ်မှာ စစ်တပ်က နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး အဓမ္မပေါ်ဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အများစုဟာ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ စစ်အင်အားဖြည့်တင်းဖို့ ပြည်သူတွေကို မတရားပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတာဟာ အပတ်စဥ် ၂၅ အထိ ရောက်ရှိနေပါပြီ။











