တအာင်းမျိုးသားပါတီ မြို့နယ် ၈ ခုတွင် ဝင်ပြိုင်မည်
နန်းမြနဒီ
·
July 10, 2020

ဒေသတွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး တအာင်း (ပလောင်) အမျိုးသားပါတီ အနေနဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲကြီးမှာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းရှိ မြို့နယ်ပေါင်း ၈ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ရှိနေပါတယ်။
ဒေသထဲမှာ မတည်ငြိမ်မှု၊ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသဖွံ့ဖြိုးရေးနှောင့်နှေးနေ တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး မန်းအုန်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။
“လောလောဆယ်က ကျနော်တို့နယ်မြေမှာ မအေးချမ်းဘူး။ မအေးချမ်းတော့ နယ်မြေ အေးချမ်းတည်ငြိမ်ရေးကို ဦးစားပေးလုပ်မှာပေါ့။ နယ်မြေအေးချမ်းမှပဲ လူထုလိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးရေးတွေ ပိုပြီး ဖော်ဆောင်နိုင်မယ်ခင်ဗျ။ ဒီလိုဆောင်ရွက်ရာမှာ ပလောင်လူထုအတွက်ကိုပဲ ဆောင်ရွက်ပေးတာ မဟုတ်ဘဲ အတူနေထိုင်တဲ့ ရှမ်း၊ ကချင် နဲ့ အခြားတိုင်းရင်းသားအားလုံးအတွက် ဦးတည်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း ပြန်လည်စည်းလုံး ညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်။”
ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်မှာလည်း ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး အာမခံမှု ပေးနိုင်တဲ့ ဖွဲ့စည်းပုံကို လိုလားကြောင်း သူကဆက်ပြောပါတယ်။
ဒေသတွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်ပွားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် အဆိုပါအဖွဲ့အစည်းတွေဟာ အန်စီအေစာချုပ် လက်မှတ်မထိုးရသေးတာ ကြောင့် တဘက်က တရားမဝင်အသင်းနဲ့ ဆက်သွယ်တဲ့ ၁၇ (၁) ပုဒ်မနဲ့ ညှိစွန်းမယ့် အခက် အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
TNP ပါတီမှ ရွေးကောက်ပွဲဝင်မယ့် ၈ မြို့နယ်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန် နဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင် စတဲ့မြို့တွေဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေလည်း စတင်ရွေးချယ်နေပြီလို့ ဦးမန်း အုန်းခိုင်က ဆက်ပြောပါတယ်။
တအာင်း (ပလောင်) အမျိုးသားပါတီ TNP (Ta'ang National Party) ကို ဦးအိုက်မုန်း နဲ့ ဦးထွန်းကျော်စတဲ့ ပါတီ ခေါင်းဆောင်တွေက လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိပါတီဝင်ဦးရေ ၅ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အမတ် ၂ နေရာ ၊ ပြည်သူ့လွှတ်တော် ၃ နေရာနဲ့ ပြည်နယ်လွှတ်တေည်အမတ် ၇ နေရာ အနိုင်ရခဲ့ပါတယ်။