DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဒေါငံခါးတွင် တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်ဘက်က အကျအဆုံးရှိ
မောရစ်
·
July 21, 2026
Photo: P3-1109 Phoenix Battalion
Photo: P3-1109 Phoenix Battalion
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါးဘက်ကို ဒီရက်ပိုင်း စစ်အာဏာရှင်တပ်က အင်အားသုံး စစ်ကြောင်းထိုးဝင်လာလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၆ ယောက်ကျဆုံးထားသလို ဒေါငံခါးကျေးရွာရဲ့ ရပ်ကွက်အများစုကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဒီးမော့ဆို စစ်ရေးရင်းမြစ်က ပြောပါတယ်။

“လောလောဆယ်အခြေအနေက သူ(စစ်တပ်) ဒေါငံခါးကို အကြီးအကျယ်ထိုးနေတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းမှာတင် ရဲဘော် ၆ ယောက်ကျသွားပြီ။ စောင့်ကြည့်ရုံတင်မဟုတ်တော့ဘူး ဒီမှာ အကြီးအကျယ်ကိုဖြစ်နေတာ။ ဒေါငံခါးတောင် ၂ ရပ်ကွက်လောက်ပဲ ကျန်တော့တယ်။ ၅ ရပ်ကွက် ၆ ရပ်ကွက်ရှိတာကို ကျနော်တို့ထိန်းချုပ်နိုင်တာ ၂ ရပ်ကွက်လောက်ပဲ ကျန်တော့တယ်။ ပြည်သူကတော့ တော်တော်များများက ပြီးခဲ့တဲ့ ဒီးမော့ဆိုကို စစ်တပ်ပြန်ဝင်ကတည်းက ရွှေ့ထားတာတော့ ကြာပြီ။ ဒါပေမဲ့ တချို့ပြည်သူတွေတော့ ရှိနိုင်သေးတယ်။”

ဇူလိုင် ၁၅ ရက်က ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်အတွင်းကို စစ်အာဏာရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် ရောက်ရှိလာပြီး မြို့နယ်ဆေးရုံ၊ မီးသတ်စည်ပင်ရုံးနဲ့ ငွေတောင်ဆည်နေရာတချို့ကို သွားရောက်ခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ရုပ်သံလိုင်းတွေကနေ ဖော်ပြပါတယ်။ 

ဒီးမော့ဆိုမြို့နယ်ဟာ လက်ရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်အာဏာရှင်တပ်က မြို့တဝက်ဆီ ထိန်းချုပ်ထားတဲ့ အခြေအနေမှာဖြစ်ပြီး မြို့ခံတွေ ပြန်မနေသေးပါဘူး။ 

စစ်တပ်ဘက်က လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ ဒီးမော့ဆိုနဲ့ ဒေါငံခါးဒေသဟာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း ထုတ်ပြန်နေပေမဲ့ မြေပြင်မှာတော့ အရှိန်မပျက် ဗုံးကြဲတိုက်ခိုက်နေတာပါ။ 

အွန်လိုင်းပေါ်က သတင်းတွေဟာ လက်တွေ့နဲ့ တခြားစီဖြစ်ပြီး၊ နေ့စဉ် လေယာဉ်ဝဲတာ၊ လေကြောင်းမှ ဗုံးကြဲတာအပြင် ဒရုန်းတိုက်ခိုက်မှုတွေကိုပါ အမြဲ စိုးရိမ်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီးမော့ဆို ဒေသခံတယောက်က “ဘယ်သူမှမနေဘူး အရင်အတိုင်းပဲလေ။ သာယာပါတယ်၊ ငြိမ်းချမ်းပါတယ်ဆိုတဲ့ ဘယ်လိုပြောရမလဲ လိုင်းပေါ်မှာ တင်ပြကြည့်တာပေါ့။ လူတွေကမြင်ရင် မသိရင် တိုက်ပွဲမရှိဘူး၊ ငြိမ်းချမ်းတယ်ဆိုတဲ့မျိုးကို အလိမ်အညာတွေပဲပေါ့။ ဒါ သူတို့ လုပ်နေကျအလုပ်ပဲလေ။ ဒီဘက်မှာတော့ ဒရုန်းတွေပဲ စိုးရိမ်ရတယ်။ ပြီးရင် လေယာဉ်ကလည်း ဝဲတယ်။ လေယာဥ်ကလည်း ဒီတလော ဘယ်နေရာမှာတွေ ဘယ်မှာ လျှောက်ကြဲပြန်လဲ မသိဘူး နေ့တိုင်းပဲ ဖြစ်နေတာ” လို့ ပြောပါတယ်။ 

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ဒီးမော့ဆို လမ်းပိုင်းတချို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ဧရိယာအနီးပတ်ဝန်းကျင်တွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့၊ သတ်မှတ်ထားတဲ့ သွားလာခွင့် ကန့်သတ်ချက်နဲ့ ညမထွက်ရ အမိန့်တွေကို အလေးဂရုပြု လိုက်နာကြဖို့ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ 

ဒီးမော့ဆိုမြို့မှာ စစ်တပ် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အချိန်ကတည်းက ဒေသခံ ပြည်သူအများစုဟာ ဘေးလွတ်ရာကို ကြိုတင်စစ်ဘေးရှောင်ခဲ့ကြပေမဲ့၊ ကုန်းသာ ကျေးရွာဘက်အခြမ်းမှာ ဒေသခံတချို့ ကျန်ရှိနေသေးတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013