
နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုအဖြစ် မက်သဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်ဖြန့်ဖြူးတဲ့ မူးယစ်ရာဇဝတ်ဂိုဏ်းတခုကို ဖြိုခွင်းခဲ့တယ်လို့ နိုင်ဂျီးရီးယား မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီ (NDLEA) က မေ ၂၀ ရက်မှာ ပြောကြားပါတယ်။
ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃၆၃ သန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဓာတုပစ္စည်း တွေကို သိမ်းဆည်းရမိခဲ့ပြီး မက္ကဆီကန် ၃ ယောက် အပါအဝင် သံသယရှိသူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ဂျီးရီးယား အမျိုးသားမူးယစ်ဆေးဝါးဥပဒေစိုးမိုးရေးအေဂျင်စီဟာ နိုင်ဂျီးရီးယား အနောက်တောင်ပိုင်း အိုဂွန်ပြည်နယ်က စိုက်ပျိုးရေးခြံတခုနဲ့ လာဂို့စ်ပြည်နယ်က ဆက်စပ် နေအိမ် တွေကို စနစ်တကျ စီးနင်းရှာဖွေခဲ့ရာမှာ စက်မှုလုပ်ငန်းပမာဏအထိ ထုတ်လုပ်နိုင်တဲ့ တရားမဝင် လျှို့ဝှက်ဓာတ်ခွဲခန်းတခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒါဟာ နိုင်ဂျီးရီးယားမှာ တခါမှ မတွေ့ဘူးသေးတဲ့ အကြီးမားဆုံး လျှို့ဝှက်ဓာတ်ခွဲခန်း ဖြစ်ပါတယ်။
ဒီစီးနင်းမှုကနေ အဆိပ်ဓာတ် မြင့်မားပြင်းထန်ပြီး ပြန့်လွင့်လွယ်တဲ့ အရည်တွေနဲ့ ပုံဆောင်ခဲ ဖြစ်နေတဲ့ မက်သဖက်တမင်း အပါအဝင် ဓာတုပစ္စည်း စုစုပေါင်း ၂ ဒသမ ၄ တန်လောက်ကို သိမ်းဆည်း ရမိခဲ့တာဖြစ်ပြီး ဒါဟာ အေဂျင်စီသမိုင်းတလျှောက် မက်သဖက်တမင်း အများဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်။
လပေါင်းများစွာ သတင်းအချက်အလက် စုဆောင်းခဲ့ပြီးနောက် ၄၈ နာရီကြာ လုပ်ဆောင်ခဲ့တဲ့ အခုစစ်ဆင်ရေးဟာ ပြည်တွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့အတွက် နိုင်ငံခြားက “နည်းပညာ ကျွမ်းကျင်မှု”တွေနဲ့ နိုင်ငံခြားသားတွေကို တင်သွင်းနေတဲ့ ကွန်ရက်တခုကို ဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ကြောင်း NDLEA အကြီးအကဲ မိုဟာမက် ဘူဘာ မာဝါက ပြောပါတယ်။
ဖမ်းဆီးရမိသူ ၁၀ ယောက်ထဲမှာ ဒီ သေမင်းတမန်ပစ္စည်းတွေကို သီးသန့်ချက်လုပ်ဖို့ တိုင်းပြည်ထဲ ခေါ်ဆောင်လာတဲ့ မက္ကဆီကိုနိုင်ငံသား ၃ ယောက်နဲ့အတူ နိုင်ဂျီးရီးယား ပူးပေါင်းဆောင်ရွက်သူ ၄ ယောက် ပါဝင်နေတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။
လမ်းဘေးမှာ ရောင်းချနေတဲ့ မူးယစ်ဆေးဝါး အကြိမ်ရေ သန်းပေါင်းများစွာနဲ့ ညီမျှတဲ့ အခုလို အမြောက်အမြား ဖမ်းဆီးရမိမှုဟာ မူးယစ်ဂိုဏ်းတွေအနေနဲ့ နိုင်ဂျီးရီးယားမှာ ထုတ်လုပ်ရေး စခန်း တွေ ထူထောင်ဖို့ ဘက်ပြောင်းလာကြတာကို မီးမောင်းထိုးပြနေတယ်လို့ အေဂျင်စီက ပြောပါတယ်။
လုံခြုံရေးအားနည်းတဲ့ နယ်စပ်တွေကြောင့် မူးယစ်ဂိုဏ်းတွေဟာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေကို ချဲ့ထွင်နိုင်ခဲ့ပြီး လက်တင်အမေရိက မှောင်ခိုဂိုဏ်းတွေနဲ့ ချိတ်ဆက်နိုင်ခဲ့တာမို့ နိုင်ဂျီးရီးယားနဲ့ အနောက်အာဖရိကမှာ တရားမဝင် ကုန်သွယ်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။
Source: Reuters










