မြောင်းမြအကျဉ်းထောင်အတွင်း ဝန်ထမ်းတဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
July 7, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်မှာ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင် တာဝန်ကျ အကျဉ်းဝန် ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ ရှာဖွေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
သတင်းပေးမှုအရ မြောင်းမြမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းဦးစီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၀ အရွယ်ရှိ အောင်ပိုင်ဖြိုးဆီမှာ သွားရောက် ရှာဖွေစဉ် ဖမ်းမိခဲ့တာလို့ မြောင်းမြမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ သတင်းအရ သွားရှာတော့ ကတ္တီပါဖိနပ်ခင်းအောက်မှာ ဝှက်ပိုးယူဆောင်လာတဲ့ WYဆေးပြားတွေနဲ့ အိုက်စ်လို့ယူဆရတဲ့ ပုံဆောင်ခဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ ကွင်းဆက်တရားခံကိုလည်း တချိန်တယ်း ထပ်မံဖမ်းဆီးရရှိထားပါတယ်။"
အောင်ပိုင်ဖြိုးဆီက စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၄ ပြားနဲ့ အိုက်က်စ်လို့ ယူဆရတဲ့ ဝ.၁ ဂရမ်ရှိ ပုံဆောင်ခဲ ၁ ခဲနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးတွေ ပို့ခိုင်းသူကို ဆက်လက်စုံစမ်းရာ အကျဉ်းထောင်ဝန်ထမ်းဟောင်း သန့်ဇင်မောင်က အကျဉ်းကျနေတဲ့ အကျဉ်းသား တင်ကိုကိုထံကို ငွေ ၁ သိန်းပေးပြီး ပို့ခိုင်းတာလို့သိရှိပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းမိခဲ့တာပါ။
အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများဖမ်းမိတာနဲ့ ပတ်သက်ပြီး သူတို့ ၃ ဦးကို မြောင်းမြမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲ စေတက်သောဆေးဝါများဆိုင်ရာပုဒ်မ ၁၉(က)/၂၁၊ တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
မြောင်းမြမြို့မှာ ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိလို့ အရေးယူထားရမှုမှာ ဒီတစ်ကြိမ်ပါ အပါဆိုရင် ၁၁ ကြိမ်ထိရှိပြီလို့ မြောင်းမြမြို့မရဲစခန်းရဲ့ မှတ်တမ်းတွေအရသိရပါတယ်။
သတင်း - မင်းထက်မုန်း၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
