
တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသား ကိုအောင်မင်းဦးအတွက် တရားမျှမူနဲ့ ရပိုင်ခွင့်တွေရရှိအောင် ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက တောင်းဆိုလိုက်ပါတယ်။
ကိုအောင်မင်းဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှာ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (KCTU)၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးခဲ့တာတွေအတွက် အဲဒီအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ ဦးရန်နိုင်ထွန်းက ကျေးဇူးတင်စကား ပြောဆိုခဲ့တယ်လို့ NUG ကိုယ်စားလှယ်ရုံး ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် သေဆုံးရတာနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ နစ်နာကြေးကိစ္စရပ်တွေမှာ အပြည့်အဝရရှိအောင် ဆက်ကူညီပေးဖို့ NUG မြန်မာကိုယ်စားလှယ်က တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
မြန်မာလုပ်သား ကိုအောင်မင်းဦးဟာ တောင်ကိုရီးယားနိုင်ငံ၊ ချွန်နမ်းပြည်နယ်၊ အာဆန်မြို့ရှိ KTX ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဇူလိုင် ၁ ရက်က မြေတင်စက် ညပ်မိပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီလို သေဆုံးရတာနဲ့ပတ်သက်လို့ လုပ်ငန်းလုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီရဲ့ ပေါ့လျော့မှုနဲ့ စည်းမျည်းမလိုက်နာမှုကြောင့်ဆိုပြီး တောင်ကိုရီးယား လူမှုအဖွဲ့အစည်းတွေက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ကြသလို၊ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ သေဆုံးရတာအတွက် တာဝန်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုသူတွေထဲမှာ မြန်မာနိုင်ငံကနေ ဆိုးလ်မြို့ကို လိုက်လာတဲ့ သေဆုံးသူရဲ့ ဇနီး မချင်းမိုင်မိုင်လည်း ပါဝင်ခဲ့ပြီး ဇူလိုင် ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အမှုမှန်သိချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ယူထားတဲ့ SK Ecoplant ကုမ္ပဏီနဲ့ တဆင့်ခံ ကန်ထရိုက်လုပ်ငန်းတို့က တာဝန်ရှိသူတွေက မချင်းမိုင်မိုင်ကို တွေ့ဆုံပြီး ခင်ပွန်း သေဆုံးမှုအတွက် တောင်းပန်ကြတယ်လို့ တောင်ကိုရီးယားရောက်မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။
တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က “ဇူလိုင် ၁၇ ရက်မှာ သေဆုံးမှုဖြစ်ရတဲ့အတွက် မိသားစုကို တောင်းပန်လိုက်တာ။ သဘောတူညီမှုလည်း ရခဲ့တယ်”လို့ ပြောပါတယ်။
ကိုအောင်မင်းဦးရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်ပြီး ဈာပနလုပ်ဖို့ ပြင်ဆင်နေကာ သယ်ယူမသွားခင် ဇူလိုင် ၁၉ မှာ မိတ်ဆွေတွေရဲ့ အောက်မေ့ခြင်းအခမ်းအနား ကျင်းပခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအတွက် စိန်ခေါ်မှုတွေရှိနေပြီး စာရင်းဇယားတွေအရ နှစ်စဉ် ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်လုပ်ငန်းခွင် ထိခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ NUG မြန်မာကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











