
မြန်မာနိုင်ငံက တရားမဝင် ကျွန်းသစ်တွေကို တင်သွင်းခဲ့တဲ့ ယူကေအခြေစိုက် သင်္ဘောထုတ်လုပ်တဲ့ ကုမ္ပဏီတခုကို အမေရိကန်နိုင်ငံမှာ တရားစွဲဆိုလိုက်ပြီး အမေရိကန်ဒေါ်လာ ၂ သိန်း ဒဏ်တပ်လိုက်တယ်လို့ Daily Echo News မှာ မေ ၁၄ ရက်က ဖော်ပြပါတယ်။
ယူကေအခြေစိုက် ဇိမ်ခံရွက်လှေတွေ ထုတ်လုပ်တဲ့ Sunseeker International ကုမ္ပဏီနဲ့ သူ့ရဲ့ အမေရိကန်လက်အောက်ခံ Sunseeker USA Sales ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံက တရားမဝင်ရရှိတဲ့ ကျွန်းသစ်တွေကို အသုံးပြုပြီး အမေရိကန်ရဲ့ လေစီအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တာကို ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) က ကြိုဆိုလိုက်တာပါ။
ဒါ့အပြင် ဒီအမှုဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ကျွန်းသစ်နဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုတွေထဲမှာ အရေးအပါဆုံး အမှုတခု ဖြစ်တယ်လို့လည်း EIA က ဆိုပါတယ်။
အမေရိကန်ရဲ့ လေစီအက်ဥပဒေဟာ ပြည်တွင်း ဒါမှမဟုတ် ပြည်ပဥပဒေတွေကို ချိုးဖောက်ပြီး ရရှိလာတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထွက်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်ထားသလို ဥရောပသမဂ္ဂရဲ့ သစ်စည်းမျဉ်း (EUTR) ကလည်း တရားမဝင်သစ်ခုတ်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ဖျက်ဖို့ တားမြစ်ထားပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ အဆိုအရ Sunseeker ကုမ္ပဏီဟာ အမေရိကန်နိုင်ငံထဲကို တင်သွင်းတဲ့ ရွက်လှေတွေမှာ တရားမဝင်ရရှိထားတဲ့ မြန်မာ့ကျွန်းသစ်တွေကို အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်း ပေးဆောင်ဖို့နဲ့ စည်းကမ်းလိုက်နာမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
EIA ရဲ့ သစ်တောရေးရာ ကမ်ပိန်းခေါင်းဆောင် ဖေးသ်ဒိုဟာတီကတော့ မြန်မာ့ကျွန်းသစ်ကို ကုန်သွယ်မှုဟာ ထိခိုက်နစ်နာသူမရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုမျိုး မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဒီကုန်သွယ်မှုကနေ ရရှိတဲ့ ဝင်ငွေတွေဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို ထောက်ပံ့ပေးရာ ရောက်နေတယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်ရဲ့ လေစီအက်ဥပဒေနဲ့ ဥရောပရဲ့ သစ်စည်းမျဉ်းတွေဟာ တရားမဝင် သစ်ခုတ်မှုတွေနဲ့ အန္တရာယ်ရှိတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတာကို တားဆီးဖို့အတွက် ခိုင်မာတဲ့ စစ်ဆေးမှုနဲ့ အရေးယူမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်တွေဖြစ်ကြောင်း သက်သေပြနေပါတယ်။
အမေရိကန်အမှုမှာ ပါဝင်တဲ့ ရွက်လှေနှစ်စင်းရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ ဒသမ ၉၈ သန်းနဲ့ ၁ ဒသမ ၀၇ သန်းနီးပါး ရှိတာကြောင့် အခုချမှတ်လိုက်တဲ့ ဒဏ်ငွေ ဒေါ်လာ ၂ သိန်းဆိုတာဟာ ငွေကြေးအရ သတိပေးရုံလောက်သာ ဖြစ်ပေမဲ့ မြန်မာ့ကျွန်းသစ်ကို ဝယ်ယူတာဟာ ကုမ္ပဏီတွေအနေနဲ့ လျစ်လျူရှုလို့မရတဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းစကားကိုတော့ ရှင်းရှင်းလင်းလင်း ပေးလိုက်တာလို့ သူက ဆက်ပြောပါတယ်။
Sunseeker ကုမ္ပဏီရဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲမှာ ဥရောပသစ်ဥပဒေတွေကို ချိုးဖောက်ထားတဲ့ ကျွန်းသစ်တွေ ပါဝင်နေတာကို ၂၀၁၈ ခုနှစ်ကတည်းက EIA က စုံစမ်းစစ်ဆေးပြီး ပထမဆုံး ဖော်ထုတ်ခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာတော့ မြန်မာ့ကျွန်းသစ်တွေကို တရားမဝင် တင်သွင်းခဲ့တဲ့အတွက် ယူကေ သစ်စည်းမျဉ်းအောက်က ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီက ယူကေမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် Bournemouth Crown တရားရုံးက တရားသူကြီး ဂျိုနသန် ဖူလာက ပေါင် ၃ သိန်းခွဲကျော် ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။
Brexit ပြီးနောက် သစ်တင်သွင်းမှု စည်းမျဉ်းတွေ ပြောင်းလဲသွားတဲ့အခါ ကုမ္ပဏီရဲ့ အခြေအနေဟာ ကုန်သည်အဆင့်ကနေ တင်သွင်းသူအဆင့်ကို ပြောင်းလဲသွားမှာဖြစ်ပြီး ဒါကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာဟာ စနစ်တကျ မှားယွင်းမှုဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။
Sunseeker ကုမ္ပဏီရဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ တရားမဝင်ကျွန်းသစ်တွေ ပါဝင်နေနိုင်တဲ့ အန္တရာယ်ရှိကြောင်း EIA က ၂၀၁၈ ခုနှစ်ကတည်းက ကုမ္ပဏီကို သတိပေးခဲ့တာကိုလည်း တရားသူကြီးက ထောက်ပြခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: Daily Echo News
မြတ်နိုးအောင်










