DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အန်အယ်လ်ဒီပါတီဌာနချုပ် (ရုံးခွဲ) ဖွင့်ပွဲ သမ္မတနှင့်အတိုင်ပင်ခံ တက်ရောက်
DVB
·
July 5, 2020
နေပြည်တော် အန်အယ်လ်ဒီပါတီဌာနချုပ် (ရုံးခွဲ) ဖွင့်ပွဲ သမ္မတနှင့်အတိုင်ပင်ခံ တက်ရောက်
Donate to DVB

အန်အယ်လ်ဒီပါတီရဲ့ ပါတီဌာနချုပ်(ရုံးခွဲ)ယာယီဖွင့်ပွဲကို သမ္မတဦးဝင်းမြင့်နဲ့ ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းက အန်အယ်လ်ဒီပါတီရဲ့ ပါတီဌာနချုပ်(ရုံးခွဲ) ယာယီကို ဖွင့်ပွဲကိုတော့ ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာပါ။ 

ရွေးကောက်ပွဲကော်မရှင်က သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေးကိစ္စရပ်တွေကို ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး ပြုလုပ်ခွင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ သမ္မတနဲ့ အတိုင်ပင်ခံတို့အနေနဲ့ ပါတီရဲ့ ဌာနချုပ်(ရုံးခွဲ) ဖွင့်ပွဲကို တက်ရောက်လာခဲ့တာပါ။

ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က  “ယာယီဌာနချုပ်ရုံးခွဲပေါ့။ ဒီမှာ နေပြည်တော်မှာဒီလိုရုံးလေးဖွင့်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဗဟိုရွေးကောက်ပွဲကော်မရှင်ကလည်း စာထွက်သွားပြီပေါ့။ အဲဒီတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ သူတို့ရဲ့ အခွင့်အရေးမဆုံးရှုံးရအောင် စည်းရုံးရေးရတယ်ဆိုတဲ့ စာထွက်ပြီးက တည်းက ဒီမှာ သမ္မတကြီးရယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်ပေါ့။ ပါတီအနေနဲ့ပြောရရင် ဥက္ကဌရယ်၊ ဒု-ဥက္ကဌ(၁) တို့ ရုံးထိုင်နိုင်မယ့်နေရာတစ်ခု လုပ်ဖို့လိုတယ်။ အဲ့ဒါ နဲ့ ဒီရုံးလေးကို ကျနော်တို့ လုပ်ဖြစ်တာ” လို့ ပြောပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ရုံးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးချယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲအပြီးအထိသာ ငှားရမ်းထားတာ ဖြစ်ပါတယ်။ 

ပါတီ အောင်နိုင်ရေးအတွက်ကိုတော့ သီးသန့်ရုံးဖွင့်လှစ်သွားမှာဖြစ်ပြီး ဘယ်နေရာမှာ ဖွင့်လှစ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီးလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲအတွင်း ဗဟိုကော်မတီအဖွဲ့ဝင်တွေကို မှာကြားခဲ့ပါသေးတယ်။

ဒေါက်တာဇော်မြင့်မောင်က "အဓိကတော့ ကိုယ်စားလှယ်လောင်း ရွေးတာကို မမှားဖို့ပါပဲ။ ဒါက တိုင်းပြည်ရဲ့ အနာဂတ်နဲ့ဆိုင်တယ်။ ဘာလို့လဲဆို ကိုယ်စားလှယ်လောင်း ရွေးတာကို ပေါ့ပေါ့တန်တန် သဘောမထားဖို့။ ပြောကောင်းပြောကြမယ်။ ဒါက NLD အတွက် ကိုယ်စားလှယ်လောင်း ရွေးတာ။ မဟုတ်ဘူးဗျ။ ဒါက နိုင်ငံရေးမှာ တိုင်းပြည်အတွက် နောင်မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့အတွက် ရွေးတာဖြစ်တဲ့အတွက် သတိထားပါ။ သတိထားတာမှာ တော်တော့်ကိုသတိထားဖို့ပါ။ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေ ရွေးပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်ဆိုတာ ပြောသွားတယ်" လို့ ပြောပါတယ်။

ပါတီရဲ့ ဌာနချုပ်(ရုံးခွဲ)ဖွင့်ပွဲကို ပါတီဝင်အနည်းငယ်နဲ့သာ အကျဥ်းချုံးဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခြားဖိတ်ကြားမှုတွေ မပြုလုပ်ခဲ့ဘူးလို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ 

ဒါ့အပြင် ဖွင့်ပွဲကိုတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရအဖွဲ့ဝင်အဖြစ်နိုင်ငံတော်က ပေးထားတဲ့ ကားကို စီးလာခဲ့ခြင်းမရှိဘဲ သူ့ရဲ့ ကိုယ်ပိုင်ကားနဲ့သာ အခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီအနေနဲ့ ရုံးခွဲဌာနချုပ်ကို နေပြည်တော်အတွင်းမှာ အလှူရှင်တချို့ရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်နေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ စတင်အသုံးပြုသွားဖို့ ရှိနေပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013