DVB Logo
Home
မြန်မာသတင်း
ကန္တာရကျိုင်းကောင်အန္တရာယ် မြို့နယ် ၁၃ ခုကို စိုက်ပျိုးရေးဦးစီးဌာန သတိပေး
DVB
·
July 5, 2020
ကန္တာရကျိုင်းကောင်အန္တရာယ် မြို့နယ် ၁၃ ခုကို စိုက်ပျိုးရေးဦးစီးဌာန သတိပေး
Donate to DVB

ကန္တာရကျိုင်းကောင်အန္တရာယ်ဟာ လက်တကမ်းအကွာမှာ ရောက်နေတာကြောင့် ရခိုင်၊ ချင်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့က မြို့နယ် ၁၃ ခုမှာ သတိထားစောင့်ကြည့်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက နှိုးဆော်ထားပါတယ်။

ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်၊ ချင်းပြည်နယ်က တွန်းဇံ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်၊ စစ်ကိုင်းတိုင်းက လေရှီး၊ ဟုမ္မလင်းနဲ့ တမူးမြို့နယ်၊ ကချင်ပြည်နယ်က ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တို့မှာ သတိထားစောင့်ကြည့်ဖို့ သတ်မှတ်လိုက်တာပါ။

လတ်တလော ပြည်တွင်းမှာ မကျရောက်သေးပေမဲ့ အန္တရာယ်ဟာ လက်တကမ်းအကွာမှာ ရောက်နေတာကြောင့် သတိရှိရှိ စောင့်ကြည့်ဖို့ နှိုးဆော်သတိပေးထားပါတယ်။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြူချောင်းရွာက မိုးနှမ်းစိုက်ခင်းတွေထဲမှာ ကျိုင်းကောင်တွေ ကျတယ်လို့ သတင်းထွက်တာကြောင့် တာဝန်ရှိသူတွေ မနေ့က သွားရောက်စစ်ဆေးခဲ့ကြပြီး ကန္တာရကျိုင်းကောင် မဟုတ်တာကို တွေ့ခဲ့ရပါတယ်။

မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလင်းမြတ်က “မကွေးတိုင်းရဲ့ သဘောသဘာဝအရ စိုက်ခင်းတွေဟာ ခင်တန်း၊ လျှိုထဲမှာ ရှိတတ်တယ်။ အခု ကျိုင်းကောင်တွေက အဲဒီမှာ ပေါက်ဖွားပြီး ပတ်ဝန်းကျင် ၁၀ ပေ၊ ၁၅ ပေလောက်မှာပဲ ရှိတာပါ။ ကန္တာရကျိုင်းကောင် မဟုတ်ပါဘူး။ ဒေသအခေါ် ဓားခုတ်ကောင်ပေါ့။ ဖျက်ဆီးတာကလည်း မပြင်းထန်ပါဘူး” လို့ ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း ရခိုင်ပြည်နယ်၊ သံတွဲနဲ့ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တို့က အုန်းပင်တွေကို ဖျက်ဆီးတဲ့ ကျိုင်းကောင်တွေ၊ စစ်ကိုင်းတိုင်း ခန္တီးနဲ့ ကောလင်းတို့မှာကျခဲ့တဲ့ ကျိုင်းကောင်တွေဟာလည်း ရှိပြီးသား ဒေသမျိုးအုပ်စုတွေဖြစ်တယ်လို့ စိုက်ပျိုးရေး ပြန်ကြားရေး ဌာနစိတ်က ဆိုပါတယ်။

နှံကောင်မျိုးနွယ်ဝင် ကန္တာရကျိုင်းကောင် (Desert Locust) တွေဟာ သဲကန္တာရဆန်တဲ့မြေတွေမှာ ဥချလေ့ရှိပြီး ပျံနိုင်တဲ့အရွယ်ရောက်လို့ အုပ်စုတခုနဲ့ တခုပေါင်းမိတဲ့အခါ မိုင်ထောင်ပေါင်းများစွာ ပျံသန်းနိုင်တဲ့ အုပ်စုကြီးဖြစ်သွားပြီး စိမ်းစိမ်းမြင်ရာ စားသောက်ဖျက်ဆီးတတ်တယ်လို့ စိုက်ပျိုးရေးဌာနက ဆိုပါတယ်။

အခုတော့ သူတို့ပေါက်ဖွားရာဒေသ အာဖရိကတိုက်အလယ်ပိုင်းကတဆင့် ပါကစ္စတန်၊ အိန္ဒိယတို့က ကန္တာရလွင်ပြင်တွေကိုရောက်လာပြီး လေကြောင်းလမ်းအတိုင်း နီးစပ်ရာနိုင်ငံတွေအများကြီးဆီကို ဝင်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

နှံကောင်အုပ်စုတွေဟာ လေစုန်မှာ တနေ့ကို ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ကျော်) အထိ ပျံသန်းနိုင်တာဖြစ်ပြီး ကျိုင်းကောင်အန္တရာယ်နဲ့ပတ်သက်လို့ ၁၉၈၂ ခုနှစ်မှာလည်း အခုလို နှိုးဆော်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013