DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြင်ဦးလွင်က စိုက်ပျိုးရေးခြံများတွင် လုပ်သားရှားပါးနေ
DVB
·
July 3, 2020
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြင်ဦးလွင်က စိုက်ပျိုးရေးခြံများတွင် လုပ်သားရှားပါးနေ
Donate to DVB

ကိုဗစ်-၁၉ ရောဂါကပ်ဘေး အခြေအနေကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းက စိုက်ပျိုးရေးခြံတွေမှာ အလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ ရှားပါးနေလို့  စိုက်ပျိုးရေးတောင်သူတွေ အခက်ကြုံနေပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကနေ ပုံမှန်ဝင်ငွေမရနိုင်တာနဲ့  ပြည်ပနိုင်ငံတွေမှာ လုပ်အားခ နှစ်ဆပိုရနိုင်တဲ့အတွက် လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို ထွက်ပြီး  အလုပ်လုပ်ကိုင်နေကြတာကြောင့်  ကိုဗစ်ရောဂါ ကပ်ဘေး မတိုင်ခင်ကာလကတည်းက လုပ်သားရှားပါးနေတာဖြစ်ပါတယ်။

Organic နာနတ် စိုက်ပျိုးတောင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းညွန့်က"ကိုဗစ် မဖြစ်ခင် ကာလတုန်းကတော့ ပြင်ဦးလွင်မဟုတ်ပဲနဲ့ မြန်မာပြည်အောက်ပိုင်းဒေသပေါ့ မြင်းခြံ၊ နွားထိုး၊ တောင်သာ အဲ့လိုဒေသကနေပြီးတော့ ဒီ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို လာတဲ့လုပ်သားတွေ ရှိတယ်၊ အဲ့ဒီလူတွေလာခဲ့သေးတယ်။ ခုကိုဗစ်အလွန်ကာလမှာတော့ အသွားအလာကန့်သတ်တဲ့ကိစ္စတခု ကြောင့်ပေါ့လေ။၊ ဟိုက အသစ်လာရင် ဒီဘက်မှာ ကွာရန်တင်း ဝင်ရမယ်၊ အဲ့လိုမျိုးတွေကြောင့် အရင်လာတဲ့ ရာခိုင်နှုန်း တစ်ဝက်လောက်ပဲ လာတော့တယ်။ စိုက်ပျိုးရေးမှာက right time ဆိုတဲ့ စကားလုံးတစ်ခုရှိတာပေါ့နော်။ အချိန်မီလုပ်ရမယ်။ သူက ရင့်မှည့်လာပြီး၊ ဒီချိန်မှာ ရိတ်သိမ်း ခူးဆွတ်မှပဲ ပိုက်ဆံရမှာကိုး။ အဲ့တော့ လုပ်သားမရရင်လည်း ကိုယ့်မှာရှိတဲ့ မိသားစုလုပ်သားကို တစ်ခါ အရင်းပြုပြီးတော့ပဲ လုပ်ရတာပဲ။ လုပ်ရတော့ တခြားနောက်ဆက်တွဲ ရိတ်သိမ်းချိန် နောက်ပိုင်းလုပ်ရမယ့် အလုပ်တွေကို ဦးစားပေး မလုပ်နိုင်တော့ဘူးပေါ့။" လို့ ပြောပါတယ်။

လုပ်သားရှားပါးမှုရဲ့ နောက်ဆက်တွဲ‌ အနေနဲ့ လုပ်သားငှားရမ်းခ စားရိတ် ကြီးမားလာတာနဲ့ လူအစားထိုး ဓာတုဆေးသုံးစွဲမှုတွေ မြင့်တက်လာပြီး ခြံပိုင်ရှင်၊အလုပ်သမားနဲ့ မြေဆီလွှာကို ဓာတု အဆိပ်သင့်မှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

လုပ်သားတွေ ငှားရမ်းမရတာကြောင့် ရိတ်သိမ်းချိန်လွန်ပြီး သီးနှံတွေမပျက်စီးစေဖို့ စိုက်ပျိုးရေး တောင်သူတွေအနေနဲ့ မိသားစုအင်အားနဲ့ ရိတ်သိမ်း ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် လုပ်သားတွေရှိရာ ဒေသတွေအထိ သွားရောက်ခေါ်ဆောင်နိုင်ခြင်း မရှိသေးဘဲ ရှိတဲ့လုပ်သားတွေကို ကိုဗစ်မတိုင်ခင်ကာလထက် လုပ်အားခပိုပေး ခေါ်ယူနေရတယ်လို့ သိရပါတယ်။

ကိုဗစ် မတိုင်ခင်ကာလက အမျိုးသားလုပ်သား တစ်ဦးကို ကျပ် ၈၀၀၀ လောက်နဲ့ အမျိုးသမီး လုပ်သားတစ်ဦးကို ကျပ် ၅၀၀၀ လောက်သာ ပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နဂါးမောက်စိုက်ပျိုးတဲ့ တောင်သူ  ဦးထွန်းစိန်က" ခြံကြီးသမားတွေဆိုရင်တော့ တော်တော်လေး နစ်နာ‌တာပေါ့‌ဗျာ ၊ဒီလုပ်သားရှားပါးတဲ့ ပြဿနာတွေက ဘယ်မှာမှလည်း ခေါ်မရ ၊ခုဆိုပန်းဖြတ်တဲ့ရာသီဆိုရင် ကျနော်တို့ မနက်ခြောက်နာရီကနေ စပြီးတော့ ဒီ ညနေပိုင်းထိဆိုရင် ရှစ်ထောင် တစ်သောင်းလောက်ကိုပေးနေရတာ မိန်းကလေးဆိုရင်၊ အမျိုးသားဆိုရင်တော့ တစ်သောင်းအထက်ပဲ ပေးရတာ၊ ခုကတော့ ကျနော်တို့က အတတ်နိုင်ဆုံးပေါ့၊ဒီ အလုပ်သမားရဖို့ရာ ကို သူ့တို့ ဆန္ဒ လိုက်လျောပြီးတော့ ငွေပေးတန်ပေး ကြိုငွေလေးတွေ ပေးထားတာပေါ့ဗျာ။" လို့ပြောပါတယ်။

ပြင်ဦးလွင်မြို့လူထုရဲ့  ၇၅ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးတောင်သူတွေ ဖြစ်ပြီးကျန်တဲ့ ၂၅ ရာခိုင်နှုန်းလောက်ကတော့ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013