DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအလုပ်ထွက်၊ လုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှုကြုံ
DVB
·
April 24, 2024
စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအလုပ်ထွက်၊ လုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှုကြုံ
Donate to DVB

စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက် လုပ်ငန်းခွင်ကနေ အလုပ်ထွက်တဲ့လူငယ်တွေ များလာတဲ့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးတာ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာစတည်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းထဲက လူငယ်အများအပြားက လက်ရှိအလုပ်အကိုင်တွေကနေထွက်ပြီး ပြည်ပထွက် အလုပ်ရှာဖို့ကြိုးစားတာနဲ့ တော်လှန်ရေးအင်အားစုတွေထဲ ဝင်ရောက်တာတွေ ရှိခဲ့ပါတယ်၊

ဒါ့အပြင် ရုတ်တရက်အလုပ်ထွက်တဲ့ဝန်ထမ်းတွေရှိခဲ့လို့ လုပ်ငန်းခွင်တွေမှာ အခက်အခဲတွေ ရှိခဲ့တဲ့ အကြောင်းကို အလတ်စားစီးပွားရေးလုပ်ငန်းရှင်တဦးက  ပြောပြပါတယ်၊

“အစောပိုင်းထွက်တာတွေကတော့ တယောက်စ နှစ်ယောက်စပါပဲ လူငယ်တွေက။ ဒါက ဒီနိုင်ငံမှာ အလုပ်အကိုင် စီးပွားရေး မကောင်းတဲ့အခါကျတော့ လူငယ်တွေက အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ချင်ကြပြီးတော့ ဒီမှာ အခွင့်အလမ်းမရှိဘူးလို့ ထင်ပြီး ထွက်တာပေါ့။ ဒီသင်္ကြန်မတိုင်ခင်မှာတော့ လတ်တလော ထွက်ထားတဲ့ ဒီစစ်မှုထမ်းဥပဒေကြောင့် ထွက်တာ ပိုများတယ်၊ တလတည်းကို သုံးလေးငါးယောက်ကို ထွက်တာ။ အဲလို ထွက်တော့ အလုပ်မှာ ထိခိုက်နစ်နာတာရှိတာပေါ့။  ဝန်ထမ်းအင်အားမလုံလောက်တဲ့အခါကျတော့ လူပြန်ရှာရ တာလည်း ခက်တယ်၊ အဲလိုပြဿနာတွေကြုံတယ်။ ဒါက အသေးစား အလတ်စားတင်မဟုတ်ဘူး၊ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတိုင်းမှာ industry တိုင်းမှာ ကြုံနေရတာပေါ့။”

နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်တဲ့ ကာယ ဉာဏလုပ်သားတွေက လက်ရှိ အလုပ်အကိုင်တွေကို စွန့်လွတ်ပြီး စစ်မှုထမ်းဖို့ကို ရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။ 

သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်တယောက်ကလည်း ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ အလုပ်ထွက်ကုန်လို့ အခက်အခဲတွေကြုံခဲ့ကြောင်း ပြောပါတယ်။

“ကျနော့်လုပ်ငန်းခွင်မှာက ပထမဆုံးစစချင်း ဥပဒေထွက်တုန်းကတော့ ကလေးတွေ နေကြသေးတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့လ တကယ်လည်းခေါ်ပြီဆိုတော့ marketing department က ကလေး ၃ ယောက် ယောကျ်ားလေးတွေ ချည်းပဲ၊ ရုတ်တရက်ကြီး ထွက်သွားတဲ့အခါကျတော့ ကျနော်တို့လုပ်ငန်းထဲမှာ လစ်ဟာသွားပြီးတော့ သူတို့နေရာ အစားထိုးတာမျိုးတွေ ပြန်လုပ်ရတာပေါ့။ ဘယ်အချိန် ကိုယ့်လုပ်ငန်းက ဘာဖြစ်မယ် မသိနိုင်ဘူး။ ကိုယ့်ဝန်ထမ်းတွေကိုလည်း ကြည့်ပေးရတဲ့ကိစ္စမျိုးတွေ၊ ကိုယ့်ဝန်ထမ်းတွေ ဘာဖြစ်မယ် ဘယ်ချိန်ဖြစ်မယ်မသိရဘူး။ ပြီးတော့ ဥပဒေတွေက အမျိုးမျိုးပြောင်းနေတာနဲ့ ထုတ်ကုန်သွင်းကုန် လိုင်စင်တွေကပြောင်းနေတာ၊ ဒေါ်လာဈေးတွေတက်တာ အစုံစုံပေါ့ ရိုက်ခတ်နေတာ။ ကျနော်တို့က ကြီးပွားဖို့ လုပ်ရတာမဟုတ်ဘဲ ရှင်သန်ဖို့ အလုပ်လုပ်နေရတဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေကြတာပေါ့။”

တချို့လူငယ်တွေကတော့ စစ်မှုထမ်းရမယ့်ကိစ္စကို ရှောင်တိမ်းဖို့ လက်ရှိ အလုပ်အကိုင်တွေကို ထွက်ပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်ရှာဖို့ ကြိုးစားနေကြတာလည်းရှိပါတယ်။ 

တယ်လီကွန်း ကုမ္ပဏီတခုမှာ costumer service လုပ်ကိုင်နေတဲ့ လူငယ်အမျိုးသမီးတယောက်ကတော့ အလုပ်ထွက်ပြီး ဂျပန်နိုင်ငံသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“သင်္ကြန်ပြီးတာနဲ့ အကုန်လုံးကို စပြီးတော့ခေါ်မယ်လို့သာ ပြောတာ ဒီကြားထဲ ရပ်ကွက်ထဲမှာ မဲပေါက်ပြီး ပါသွားတဲ့ လူငယ်တွေလည်း ရှိတယ်။ အဲတာကြောင့် စိတ်ဓာတ်ပိုကျတယ်ပေါ့။ ဒီကြားထဲ ဂျပန်အေဂျင်စီတွေမှာ ဖောင်တွေ အများကြီးလိုက်တင်ထားတယ်၊ အမြန်ဆုံးထွက်နိုင်မယ့် နည်းလမ်းပေါ့၊ အမြန်ဆုံးဆိုတာတောင် ဆယ်လပိုင်းမှဆိုတော့ ဒီဆယ်လပိုင်းမှာတော့ မရမကကို အင်တာဗျူးတွေ လိုက်ဖြေတာ၊ အခုအင်တာဗျူးတော့ အောင်သွားတယ်၊ အကုန်လုံးနီးပါး ထွက်နေကြတာ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဒီနိုင်ငံမှာက ဆုံးရှုံးတယ်လို့ ခံစားမိတယ် ဘာမှမရှိတော့ဘူး၊ ဘာမှမကျန်တော့ဘူးလေနော်။”

အပတ်စဉ် ၁ ခုကို သင်တန်းသား အယောက် ၅၀၀၀ ခေါ်ယူမှာဖြစ်ပြီး တနှစ်ကို လူငယ် ၆၀၀၀၀ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာပါ၊ စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက်  လူငယ် ၂၆၀၀၀ ကျော်က ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်လာတယ်လို့သိရပါတယ်၊

International food policy research institute (IFPRI) ရဲ့စစ်တမ်းကို အခြေခံထားတဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု အညွန်းကိန်းက ဆိုးရွားလာနေပြီး  ၂၀၂၃ နှစ်လည်ပိုင်း ကတည်းက အိမ်ထောင်စုတွေရဲ့ ၄၀ ရာခိုင်နှုန်းက ဝင်ငွေကျဆင်းနေကာ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ပိုဆိုးလာတဲ့အခြေအနေတွေကြောင့် အနာဂတ်တွေကလည်း မရောမရာ ဖြစ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013