
အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလဲဗစ်ဟာ ဒီလကုန်မှာ အလုပ်ထွက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
၃၆ ယောက်မြောက် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်ရာထူးမှာ တာဝန်ထမ်းဆောင်နေတဲ့ လဲဗစ်ဟာ မိသားစုကို အချိန်ပိုပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရာထူးကနေ အနားယူတာလို့ ရိုက်တာက ဖော်ပြပါတယ်။
“ကာရိုလိုင်းဟာ လက်ရှိအချိန်မှာ ကျနော့်ရဲ့ ပြင်ပထိပ်တန်းအကြံပေးအဖြစ် ရှိနေမှာပါ။ သူဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဆက်ရှိနေမှာပါ” လို့ ထရမ့်ပ်က Truth ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
လဲဗစ်ဟာ ၂၀၂၄ ခုနှစ်က ထရမ့်ပ်ရဲ့ မဲဆွယ်တဲ့အချိန်မှာ ပါဝင်ခဲ့သူဖြစ်ပြီး မဲဆွယ်ချိန် အကူးအပြောင်းကာလ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
ထရမ့်ပ် သမ္မတဖြစ်လာတဲ့ အချိန်မှာလည်း သူ့ကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့တာကြောင့် လဲဗစ်ဟာ အသက်အငယ်ဆုံး အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဖြစ်လာပါတယ်။
“အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်အဖြစ် ၁ နှစ်ခွဲကျော် ဆောင်ရွက်ခဲ့တာက တသက်တာလုံး ဂုဏ်ယူစရာနဲ့ စွန့်စားမှုတခုပါပဲ” လို့ လဲဗစ်က ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။
လဲဗစ်ဟာ ဘွဲ့ရပြီးတဲ့နောက် ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ထရမ့်ပ်အစိုးရအဖွဲ့ရဲ့ အိမ်ဖြူတော် ပြန်ကြားရေး လက်ထောက်အတွင်းဝန်အဖြစ် စတင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်က နယူးဟမ့်ရှိုင်းယားမှာ အောက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ကာ ၂၀၂၃ ခုနှစ်မှာ ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လဲဗစ်ဟာ ၂၀၂၅ ခုနှစ် မေလက အိမ်ဖြူတော်မှာ ကလေးချီရင်း အလုပ်လုပ်တဲ့ပုံက လူစိတ်ဝင်စားမှုများတဲ့ပုံ ဖြစ်ခဲ့ပါတယ်။
၂၀၂၆ မေလမှာ လဲဗစ်ဟာ ဒုတိယမြောက်ကလေးကို ထပ်ပြီး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











