DVB Logo
Home
မြန်မာသတင်း
လက်ပံတန်း Quarantine စင်တာများတွင် ကိုဗစ်-၁၉ စစ်ဆေးရန် Test Tube များ လိုအပ်နေ
DVB
·
July 3, 2020
လက်ပံတန်း Quarantine စင်တာများတွင် ကိုဗစ်-၁၉ စစ်ဆေးရန် Test Tube များ လိုအပ်နေ
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့က Quarantine စင်တာတွေမှာ ရောက်ရှိလာတဲ့ ပြည်ပကပြန်လာသူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ ဓာတ်ခွဲနမူနာယူရာမှာ သုံးတဲ့ Test Tube တွေ အချိန်နဲ့တပြေးညီ မရရှိတာကြောင့် အခက်အခဲကြုံနေတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

Quarantine စင်တာတွေမှာ Test Tube လေးတွေ သွားရောက်ထုတ်ယူတဲ့အခါမှာ လုံလောက်စွာမရတဲ့အတွက် ပြည်ပပြန်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်မှု နောက်ကျတာကြောင့် ထိတွေ့ဆက်ဆံမှုတွေကနေတဆင့် ကူးစက်ဖို့ လွယ်ကူတယ်လို့ Quarantine စင်တာ အမှတ် ၂ မှ စေတနာ့ဝန်ထမ်း ကိုသန့်ဇော်(ခ) ကိုဖိုးကော်က ပြောပါတယ်။

​​ "ဒီပစ္စည်းတွေမရခဲ့ရင် ကျနော်တို့ဆီမှာ ၂ ပတ်ဖြစ်နေတဲ့လူတွေကို swab ဘယ်လိုလုပ်ထုတ်မလဲ၊ အဲ့ဒါအခက်အခဲ ရှိတယ်။ အဲ့လူတွေ swab မထုတ်ရသေးတဲ့အခြေအနေမှာ သူ့မှာ ဘာရှိနေလဲ ကျနော်တို့ မသိဘူး။ ဒါ့ကြောင့် ဒီလိုပစ္စည်းလိုအပ်ချက်တွေကိုလည်း ထပ်ပြီး ဖြည့်တင်းဖို့လိုတယ်။ အကယ်၍ အဲ့အထဲက လူတွေက အပြင်ထွက်ခွင့်မရရင်တောင်မှ အဲ့ကလူတွေနဲ့ ​volunteer တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် volunteer တွေသည် ဈေးသွားဝယ်ရတာမျိုး၊ အပြင်ကို သွားရတာမျိုးရှိတယ်။ သူတို့မှာလည်း ရောဂါပိုးရှိနေခဲ့ရင် အင်မတန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။"

လက်ပံတန်းမြို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ထက်နိုင် "ဒီ GTI Quarantine စင်တာက main camp ကြီး ဖြစ်နေပါတယ်။ main camp မှာ လူဦးရေက ၁၀၀ ဝန်းကျင် ၁၀၀ ကျော် ရှိနေတယ်။ အဲ့မှာ ဘာအခက်အခဲရှိလဲ ဆိုတော့ ၁၄ ရက်ကြာမှ swab ယူရတဲ့အခါ၊ swab ရမဲ့အဖြေနဲ့ဆိုရင် ကျနော်တို့ လက်ထဲမှာ ၂၁ ရက်နီးပါးဖြစ်နေတာတွေ့ရတယ်။ အဲ့မှာ ဘာဖြစ်သွားလဲဆိုရင် လူအရမ်းများတဲ့အတွက် ထားစရာနေရာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်စေချင်တာက နိုင်ငံခြားက ဝင်လာမယ့် ဦးရေ ပမာဏနဲ့ ကျန်းမာရေးဌာနက လိုအပ်တဲ့ Test tube လေးတွေကို လုံလုံလောက်လောက်ဖြစ်အောင် နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးစေချင်ပါတယ်။” လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှ ပြန်လာသူ ကိုအောင်နိုင်ဝင်းက "ကျနော်တို့ လင်မယား နှစ်ယောက် တရုတ်ပြည်က ပြန်လာတာပါ။ ဒီ Main (GTI Quarantine) စင်တာကို ရောက်ပြီးတော့ အခန်းတခန်းထဲမှာ ၈ ယောက်နေရတယ်၊ အမျိုးသမီးက သူ့တို့ဟာ သူတို့လည်း သီးသန့်ရှိမှာပေါ့။ အဲ့မှာ ကျနော့်ဆီမှာ ရောဂါပါလာမလား၊ ကျနော်တို့အခန်းထဲက ဘယ်နိုင်ငံကများ ရောဂါပါလာမလား၊ ကျနော့်ဆီက ရောဂါပါလာခဲ့ရင်လည်း သူတို့ကိုကူးမှာကို အရမ်းစိုးရိမ်ရပါတယ်။ အမျိုးသမီးလည်း ဒီလိုပဲပေါ့ အရမ်းစိုးရိမ်ရပါတယ်။ ရေချိုးတော့လည်း တစ်ခန်းထဲမှာ တူတူချိုးရတယ်၊ ထမင်းစားတော့လည်း တန်းစီပြီး အများနဲ့ဆိုတော့ ရောပြီးယူရတာပေါ့။ အဲ့အချိန်တွေမှာ ကူးမှာလည်း အရမ်းစိုးရိမ်ရတယ်။ နှာခေါင်းတို့ဖတ်တွေ ဘာတွေယူပြီးလို့ ရောဂါအဖြေရပြီဆိုမှ positive တို့ negative တို့ကြည့်တာပေါ့။ အဲ့မှာ negative အဖြေဆိုမှ နည်းနည်းစိတ်သက်သာရာရသွားပါတယ်" လို့ ပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဟာ ပြည်ပပြန်အများဆုံး ရောက်ရှိလာတဲ့မြို့ ဖြစ်တယ်လို့ သိရပြီး GTI Quarantine စင်တာမှာ ထားရှိစစ်ဆေးပြီး negative အဖြေထွက်ပြီးသား ပြည်ပပြန်တွေကိုတော့ သူတို့ရဲ့ နေရပ်ဇာတိကျေးရွာတွေနဲ့ အနီးဆုံးဖြစ်တဲ့ Quarantine စင်တာ ၄ ခုကို ပြောင်းရွှေ့ပေးတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့မှာ Quarantine စင်တာ၅ မှာ ဇွန်လအထိ ပြည်ပကပြန်လာသူ  ၁၉၇ ဦး ရှိတဲ့ထိက GTI Quarantine စင်တာမှာတော့ လက်ရှိ (၉၂) ဦး ကျန်ရှိနေပြီး swab မထုတ်ယူရသေးတဲ့ ၄၁ ဦးရှိနေသေးတယ်လို့ မြို့နယ် ကိုဗစ်-၁၉ အထောက်အကူပြု ကော်မတီဆီက သိရပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013