
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၃ သန်းလောက်က နေထိုင်ခဲ့တဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်သစ်ရဲ့ အရိုးကျောက်ဖြစ်ရုပ်ကြွင်းတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
ဒီဒိုင်နိုဆောကို “နာဂါတီတန်ချိုင်းယဖုမ်းမန်းဆစ်” (Nagatitan chaiyaphumensis) လို့ အမည် ပေးထားပြီး အပင်စား ဒိုင်နိုဆောအမျိုးအစားဖြစ်ပြီး ဒီဒိုင်နိုဆောဟာ အရှည် ၂၇ မီတာနီးပါးနဲ့ ကိုယ်အလေးချိန်ကတော့ ၂၈ တန်အထိ ရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
လည်ပင်းရှည်၊ အမြီးရှည်၊ ခေါင်းသေးပြီး တိုင်လုံးလို ခြေထောက် ၄ ချောင်းပါတဲ့ sauropod အုပ်စုဝင် ဒိုင်နိုဆောတမျိုးဖြစ်ပြီး သူ့ရဲ့ ဦးခေါင်းနဲ့ သွားတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မတွေ့ ခဲ့ ရပေမဲ့ တခြား sauropod တွေကို အခြေခံပြီး သူ့ရဲ့ အစာစားတဲ့ အလေ့အထကို သုတေသီတွေက ခန့်မှန်းနိုင်ခဲ့ပါတယ်။
Scientific Reports ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနရဲ့ ဦးဆောင်စာတမ်းပြုစုသူဖြစ်တဲ့ College London တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပါရဂူကျောင်းသား သီတီဝု ဆေသာပါနစ်ဆာကူးလ်ကတော့ ဒီဒိုင်နိုဆောဟာ ထင်းရှူးပင်လိုမျိုး ဝါးစရာမလိုတဲ့ အပင်တွေကို အများအပြားစားသုံးတဲ့ ဒိုင်နိုဆောမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“နာဂါတီတန်ဟာ ထင်းရှူးပင်မျိုးနွယ်တွေနဲ့ မျိုးစေ့ရှိတဲ့ အယ်လ်ပင် (fern) တွေလိုမျိုး ဝါးစရာ သိပ်မလိုတဲ့ အပင်အမြောက်အမြားကို အစုလိုက်အပြုံလိုက် စားသုံးတဲ့ သတ္တဝါမျိုး ဖြစ်နိုင် ပါတယ်။”
ဒီဒိုင်နိုဆောဟာ သူ့ရဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြောင့် သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကို ကြောက်ရွံ့စရာ မလိုဘဲ သစ်ပင်ထိပ်ဖျားက အရွက်တွေကို စားသုံးနေထိုင်ခဲ့တယ်လို့ ယူဆရပါတယ်။
သူနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ တခြားဒိုင်နိုဆောတွေ၊ မိကျောင်းတွေနဲ့ ရေချိုငါးမန်းတွေလို သတ္တဝါတွေလည်း ရှိခဲ့ပါတယ်။
ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချိုင်ယာဖွန်ခရိုင်က ရွာသား တယောက် က ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာ တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ တူးဖော်မှုတွေကနေ ကျောရိုး၊ နံရိုး၊ တင်ပါးဆုံရိုးနဲ့ ခြေထောက် အရိုးတွေ ရရှိခဲ့ပါတယ်။
“နာဂါတီတန်” ဆိုတဲ့အမည်ဟာ အာရှဒေသရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေမှာ ပါဝင်ပြီး ထိုင်းဘုရားကျောင်းတွေမှာ ထင်ရှားစွာတွေ့ရတဲ့ မြွေနဂါးလို သတ္တဝါကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အခုအချိန်အထိ အမည်ပေးထားတဲ့ ဒိုင်နိုဆောမျိုးစိတ် စုစုပေါင်း ၁၄ မျိုး ရှိတယ်လို့ သိရပါတယ်။
ဒီတွေ့ရှိမှုဟာ အရှေ့တောင်အာရှဒေသရဲ့ ဒိုင်နိုဆောမျိုးစိတ်ကွဲပြားမှုဆိုင်ရာ အရေးကြီးတဲ့ အချက်အလက်သစ်တွေကို ပေးစွမ်းနိုင်ခဲ့သလို sauropod မျိုးစိတ်ကွဲပြားမှုအကြောင်းကို သိမြင်စေခဲ့ပါတယ်။
ဒီဒေသမှာ sauropod တွေ အများအပြား မတွေ့ရသေးဘဲ “နာဂါတီတန်” ဟာ တွေ့ရှိသမျှထဲမှာ အကြီးဆုံးနဲ့ ဘူမိဗေဒအရ သက်တမ်းအနုဆုံး ဖြစ်ပါတယ်။
College London တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်းဗေဒပညာရှင်နဲ့ လေ့လာမှုရဲ့ ပူးတွဲ စာတမ်းပြုစုသူ ပေါလ်အပ်ချာ့ချ်က ဒီတွေ့ရှိမှုဟာ ကမ္ဘာ့အပူချိန် မြင့်တက်နေချိန်နဲ့ ဒိုင်နိုဆောတွေရဲ့ ကြီးမားတဲ့ ကိုယ်ထည်အရွယ်အစားကြားက ဆက်စပ်မှုကို လေ့လာဖို့ အထောက်အကူပြုတယ်လို့ ပြောပါတယ်။
“တကယ်တော့ ဆော်ရိုပေါ့ဒ်တွေဟာ ဥကပေါက်ပြီးတာနဲ့ အလွန်လျှင်မြန်စွာ ကြီးထွားလာ ကြပါတယ်။ ဒါဟာ ရန်သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အမြန်ဆုံး ဧရာမအရွယ်အစားကို ရောက်လေလေ၊ ရန်သူတွေ တိုက်ခိုက်ဖို့ ခက်ခဲသွားလေဖြစ်လို့ ပိုပြီး ဘေးကင်းလေပါပဲ။”
ဒီအချိန်မှာ ဆော်ရိုပေါ့ဒ်တွေဟာ အထူးသဖြင့် ပိုပြီးကြီးမားလာကြပုံရတယ်၊ တောင်အမေရိက၊ တရုတ်၊ မြောက်အာဖရိကနဲ့ အခု အရှေ့တောင်အာရှက နာဂါတီတန်တို့ဟာ ဧရာမအရွယ်အစားတွေ ဖြစ်နေကြတယ်လို့လည်း အပ်ချာ့ချ်က ပြောပါတယ်။
“ဧရာမကိုယ်ထည်နဲ့ မြင့်မားတဲ့ ရာသီဥတု အပူချိန်တို့ကြားက ဆက်နွှယ်မှုကိုတော့ အပြည့်အဝ နားမလည်သေးပါဘူး။ ဒါပေမဲ့ မြင့်မားတဲ့ အပူချိန်ဟာ ဧရာမ အပင်စားသတ္တဝါကြီးတွေအတွက် အဓိကအစာဖြစ်တဲ့ အပင်တွေအပေါ် သက်ရောက်မှုရှိခဲ့တာ သေချာပါတယ်။ နာဂါတီတန်ဟာ နောက်ထပ် နှစ်ပေါင်း ၁၀ သန်းကနေ ၁၅ သန်းအတွင်းမှာ ဖြစ်ပေါ်လာမဲ့ အပူချိန်နဲ့ ကိုယ်ထည်အရွယ်အစား အမြင့်ဆုံးကာလကို ကြိုတင်မြင်တွေ့နိုင်တဲ့ အထောက်အထားတခု ဖြစ်ပါတယ်။”
“နာဂါတီတန်” ဟာ နောက်ပိုင်းနှစ်ပေါင်း ၁၀ သန်းကနေ ၁၅ သန်းအကြာမှာ ဖြစ်ပေါ်လာမဲ့ ကိုယ်ထည်အရွယ်အစားနဲ့ အပူချိန် အမြင့်ဆုံးရောက်ရှိမှုတွေရဲ့ ရှေ့ပြေးကာလကို တစေ့တစောင်း မြင်တွေ့ခွင့်ပေးတယ်လို့ သုတေသီက ဆိုပါတယ်။
Source: Bangkok Post










