DVB Logo
Home
အားကစား
ကမောက်ကမ အရှုပ်အထွေးများကြား ၂၀၂၅ ထိုင်းဆီးဂိမ်းစ် ဝေဖန်ခံနေရ
DVB
·
December 8, 2025
ကမောက်ကမ အရှုပ်အထွေးများကြား ၂၀၂၅ ထိုင်းဆီးဂိမ်းစ် ဝေဖန်ခံနေရ
Donate to DVB

၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ကို ထိုင်းနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပဖို့အတွက် နီးကပ်လာနေပေမဲ့ ပြိုင်ပွဲမစတင်မီမှာပဲ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ကမောက်ကမ အရှုပ်အထွေး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတာဝန်ရှိသူတွေဘက်ကတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာမခံထားပေမဲ့ ပြိုင်ပွဲမြှင့်တင်ရေး အားနည်းတာ၊ ပြိုင်ပွဲကျင်းပမဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အားကစားသမားတွေရဲ့ ထောက်ပံ့ကြေးကိစ္စတွေ၊ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေကြောင့် ပြင်ဆင်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ လူထုနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဒီဇင်ဘာ ၉ ရက်မှာ တရားဝင်စတင်ဖွင့်ပွဲပြုလုပ်ကျင်းပမဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကိုတော့ ထိုင်းနိုင်ငံက အချိန် ၁၈ နှစ်အကြာမှာ အိမ်ရှင်အဖြစ် တကျော့ပြန် လက်ခံကျင်းပခွင့်ရခဲ့တာပါ။

ခုလို ပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့ပေမဲ့ ပြိုင်ပွဲအချိန်ဇယား၊ ကျင်းပမဲ့နေရာတွေနဲ့ ပတ်သက်ပြီးတော့ ပြိုင်ပွဲရှိမှန်းတောင် မသိကြတဲ့ ထိုင်းပြည်သူတွေ အများအပြား ရှိနေတာကြောင့် ဒီပြိုင်ပွဲကို “သမိုင်းတလျှောက် အငြိမ်သက်ဆုံး” လို့တောင် တင်စားပြီးတော့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးက ငြင်းဆိုခဲ့ပေမဲ့ ပြိုင်ပွဲမြှင့်တင်ရေး အစီအစဉ်တွေ အောင်မြင်ပါက စီးပွားရေးလုပ်ဆောင်မှုကနေ ဘတ် ၁၅ ဘီလီယံ ရရှိနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အစတုန်းကတော့ ဒီပြိုင်ပွဲတွေကို ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆုန်ခလာပြည်နယ် ၃ ခုမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် ဘေးကင်းရေး အကြောင်းပြချက်တွေနဲ့ အားကစားနည်း ၁၀ မျိုးကို ဘန်ကောက်နဲ့ ချွန်ဘူရီကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အားကစားအာဏာပိုင်အဖွဲ့ရဲ့ ရေကူးကန် အပါအဝင် နေရာတချို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာနေတာကလည်း ပြဿနာတွေကို ပိုမိုရှုပ်ထွေးစေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

နောက်တချက်က အားကစားသမားတွေရဲ့ ထောက်ပံ့ကြေး လျှော့ချတာနဲ့ ပေးချေမှုတွေ နောက်ကျတာကတော့ အငြင်းပွားစရာအကောင်းဆုံးကိစ္စ ဖြစ်လာပြီး စိတ်ပျက်မှုတွေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကြောင့် ထိုင်းကြက်တောင်မယ် ပွန်ပါဝီ ချိုချူဝေါင်ဟာ စိတ်ကုန်စိတ်ပျက်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ အစပိုင်းမှာ ဆုံးဖြတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည်ပါဝင်ဖို့ စည်းရုံးခံခဲ့ရပါတယ်။

ဒါ့အပြင် လတ်တလော ထိုင်းနိုင်ငံရေးအရ ရှုပ်ထွေးမှုတွေလည်း ရှိခဲ့သလို ထိုင်းနိုင်ငံနဲ့ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဘေးကင်းလုံခြုံရေး စိုးရိမ်မှုတွေကို အကြောင်းပြပြီး ကမ္ဘောဒီးယားနိုင်ငံက ဘောလုံးအပါအဝင် အားကစားပြိုင်ပွဲတချို့ကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့တာကြောင့် တရားဝင် ပြိုင်ပွဲအချိန်ဇယားတွေ ကြန့်ကြာခဲ့ရပြီး အိမ်ရှင်နိုင်ငံရဲ့ ပြင်ဆင်မှုအားနည်းချက်အဖြစ် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြားထဲမှာပဲ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားတွေအတွက် အချိန် ၇ လကြာ ပြင်ဆင်ခဲ့တဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီး အောက်တိုဘာလလယ်မှာ အဖွဲ့သစ်တခုနဲ့ အစားထိုးခဲ့တယ်လို့ အနုပညာဒါရိုက်တာ ရူးယန်ဂရစ် ဆွန်တီဆွတ်က ထုတ်ဖော် ပြောကြားသလို အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဆက်သွယ်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အတည်ပြုချက်တွေရဖို့ ကြန့်ကြာခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလို အငြင်းပွားဖွယ်ရာတွေ ရှိနေပေမဲ့လည်း ထိုင်းနိုင်ငံဟာ ဆီးဂိမ်းမှာ အားကစားသမား ၁,၅၃၁ ယောက် စေလွှတ်ပြီး အိမ်ရှင်အဖြစ် မှတ်တမ်းတင် ရွှေတံဆိပ် ၇ ခုအထိ စံချိန်တင်ရယူဖို့ ရည်မှန်းထားသလို ဒီပွဲကို NBT၊ T-Sport၊ One31၊ PPTV နဲ့ TrueVisions အပါအဝင် အခမဲ့ရုပ်မြင်သံကြားလိုင်းများစွာမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

အခုနှစ်ရဲ့ ထိုင်းဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အားကစားနည်း ၃၆ မျိုးမှာ ကစားသမား ၁,၄၇၇ ယောက်နဲ့ ဝင်ပြိုင်မှာဖြစ်ပါတယ်။ 

ဆီးဂိမ်းစ်ဖွင့်ပွဲ မစတင်ခင် ဘောလုံးအပါအဝင် အားကစားနည်းတချို့ကတော့ အုပ်စုပြိုင်ပွဲတွေ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ 

Source: Nation Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013