DVB Logo
Home
မြန်မာသတင်း
တစညပါတီ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၈၀ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည် 
DVB
·
July 1, 2020
တစညပါတီ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၈၀ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည် 
Donate to DVB

လာမယ့် ၂၀၂၀  အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ ရွေးချယ်ထားပြီး မြို့နယ်ပေါင်း ၁၈၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကလွဲပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ပြောပါတယ်။

ပြည်သူ့လွှတ်တော် နေရာ ၁၀၀၊ အမျိုးသားလွှတ်တော် ၄၃ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၇၃ နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၉ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲဝင်ဖို့အတွက်က ဘယ်လိုမြို့နယ်တွေမှာမှ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ မူနဲ့အရင် ရွေးပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို မရွေးတာကြောင့် လတ်တလောမှာ ရခိုင် မပါပါဘူး။ နောက်ပိုင်းမှာတော့ ပါချင်ပါမှာပေါ့။ ပါတီကော်မတီစနစ်တကျ ခိုင်ခိုင်မာမာရှိတာ၊ စည်းရုံးလှုပ်ရှားနေတာ၊ လယ်သမားလို့ လူထုလူတန်းစားအဖွဲ့ရှိတဲ့ မြို့နယ်တွေမှာကပဲ ဝင်ပြိုင်မယ်လို့ သတ်မှတ်တာကြောင့် မြို့နယ် ၁၈၀ မှာ ပြိုင်ဖို့ ဆုံးဖြတ်တာပါ” လို့ ဦးထွန်းရီက ပြောပါတယ်။

တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအတွက် နေရာတိုင်းကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားတာလို့ ဦးထွန်းရီက ပြောပါတယ်။

လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းပေါင်း ၄၂၅ ယောက်ရွေးချယ်ထားပြီး အမျိုးသမီး ၆၆ ယောက်ပါသလို အသက် ၅၀ နဲ့အထက်က ၃၀၈ ယောက်ပါတယ်လို့ သိရပါတယ်။ 

“ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတော့ အချက် ၁၂ ချက်နဲ့ ရွေးပါတယ်။ ဒီထဲမှာ နယ်မြေခံက အမှန်တကယ်လက်ခံနိုင်သူဖြစ်ဖို့၊ တတ်နိုင်သရွေ့ အမျိုးသမီးဖြစ်ဖို့၊ လူငယ်ဖြစ်ဖို့၊ ပြည်နယ်တွေမှာ ဆိုရင်တော့ တိုင်းရင်းသားတွေ ဖြစ်ဖို့ ဆိုတဲ့မူတွေနဲ့ ရွေးပါတယ်” လို့ ဦးထွန်းရီက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ၇၄ ယောက်ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတာကြောင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာတော့ ၅၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ ၂၉ ယောက်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပြည်နယ်မှာတော့ ၂ ယောက်ပဲဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပြည်နယ်တွေမှာတော့ ပြည်နယ်ထဲက ပါတီတွေကိုပဲ ဦးစားပေးထားတယ်လို့လည်း ဦးထွန်းရီက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြောင့် လူစုလူဝေးမလုပ်ရဘဲ ပါတီရုံးကို ပိတ်ထားရတာမျိုးတွေကြောင့် စည်းရုံးရေးလုပ်ငန်းတွေခက်ခဲသလို လာမယ့်ရွေးကောက်ပွဲမှာလည်း မဲပေးမယ့်သူ လျော့သွားမှာကို စိုးရိမ်တယ်လို့ တစညပါတီ တာဝန်ရှိသူက  ပြောပါတယ်။

တစညပါတီဟာ ဦးနေဝင်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ပါတီကို အမွေဆက်ခံတဲ့ ပါတီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက် ပါတီဖြစ်ခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013