DVB Logo
Home
မြန်မာသတင်း
ဇွန်လအတွင်း အမျိုးသမီး ၄၀ အပါအဝင် ၅၅  ဦးကို လူကုန်ကူးမှုဖြင့် အရေးယူ 
DVB
·
July 1, 2020
ဇွန်လအတွင်း အမျိုးသမီး ၄၀ အပါအဝင် ၅၅  ဦးကို လူကုန်ကူးမှုဖြင့် အရေးယူ 
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လထဲမှာ လူကုန်ကူးမှု ၁၅ မှုဖော်ထုတ်နိုင်ခဲ့ပြီး အရင်လတွေထက် ၂ ဆကျော် အရေးယူနိုင်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်၊ ဧပြီနဲ့ မေလတို့မှာ စုစုပေါင်း ၂၁ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ကျူးလွန်သူ ၆၂ ယောက်ကို အရေးယူခဲ့ပါတယ်။ ဇွန်လထဲမှာတော့ အမှု ၁၅ မှုအတွက် ကျူးလွန်သူ တရားခံ ၅၅ ယောက်ကို ဖော်ထုတ်အရေးယူခဲ့ပြီး ဒီထဲမှာ အမျိုးသမီး အယောက် ၄၀ ပါနေတာကို တွေ့ရပါတယ်။

လူကုန်ကူးမှုတွေထဲမှာ ယေဘုယျအားဖြင့် ကျူးလွန်သူထဲမှာရော လူကုန်ကူးခံရသူထဲမှာပါ မိန်းကလေးက ပိုများနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖော်ထုတ်နိုင်ခဲ့တဲ့ လူကုန်ကူးခံရသူ ၁၆ ယောက်ရှိပြီး ဒီထဲမှာ ကလေး ၄ ယောက်အပါအဝင် အမျိုးသမီး ၁၂ ယောက်ပါပါတယ်။

အမှုတွေကတော့ ရှမ်းပြည်နယ်မှာ ၈ မှု၊ ရန်ကုန်တိုင်းမှာ ၄ မှု၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၁ မှုစီဖြစ်ခဲ့ပါတယ်။

အရင်အမှုတွေလိုပဲ ဇွန်လထဲက အမှုတွေထဲက ၁၄ မှုဟာ တရုတ်နိုင်ငံမှာ အဓမ္မ လက်ထပ်ထိမ်းမြားမှုဖြစ်ပြီး ၁ မှုကတော့ ပြည်တွင်းမှာပဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ အချက်အလက်စာရင်းတွေအရလည်း လူကုန်ကူးခံရတာတွေရဲ့ အများစုဟာ တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့ လူကုန်ကူးခံရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်အတွင်း လူကုန်ကူးတရားခံပေါင်း ၅၀၀ လောက်ဖမ်းဆီးခဲ့တယ်လို့ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကလုပ်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့မှာ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့ပါတယ်။

မြန်မာအမျိုးသမီးတွေလူကုန်ကူးခံရတဲ့အကြောင်း စစ်တမ်းတခုမှာတော့ ၂၀၁၇ ခုနှစ်က လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကိုဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာတော့ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တရုတ်ကနေ မြန်မာအမျိုးသမီးလုပ်သား ၆၅၀၀၀ ပြန်လာခဲ့ပြီး အမျိုးသမီး ၁၀၄၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရသလို အမျိုးသမီး ၂၈၀၀ ကတော့ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေတာခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013