
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ပြန်လည်လိုက်ပါလာတဲ့ သင်တန်းသားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိဘူးလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားနိုင်ငံမှာ ကျင်းပတဲ့ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့ကြတာပါ။
တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေတဲ့ ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးဟာ ဇွန် ၂၅ ရက် ညပိုင်းက နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သတ်မှတ်နေရာတွေမှာ Home Quarantineနဲ့ Facilities Quarantine နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ သူတို့ အားလုံးရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူပြီး Polymerase Chain Reation (PCR)နည်းနဲ့ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ တပ်မတော်က ထုတ်ပြန်လိုက်တာပါ။
ဇွန်လ ၃၀ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၁၀)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (NHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (NHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၂၉) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆၅) ခု၊စုစုပေါင်း (၁,၇၀၈) ခုကို စစ်ဆေးခဲ့ရာမှာ လူနာသစ်မတွေ့ဘူးလို့သိရပါတယ်။
ဒီကနေ့မနက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာမှာလည်း ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ဇူလိုင် ၁ ရက်နေ့ မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာ ၂၂၁ ဦးနဲ့ အဲဒီထဲက ၂၁၁ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
PHOTO-CINCDS










