DVB Logo
Home
မြန်မာသတင်း
ချောက်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော ဧက ၆၇၀၀ ကျော် လုပ်ကိုင်ခွင့်ပြု
DVB
·
June 28, 2020
ချောက်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော ဧက ၆၇၀၀ ကျော် လုပ်ကိုင်ခွင့်ပြု
1 / 2
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကြိုးပြင်ကာကွယ်တောများက မြေဧက ၆၇၀၀ ကျော်ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့် ချပေးလိုက်ပြီး သစ်ပင်မျိုးပေါင်း ၁၄ မျိုး၊ စုစုပေါင်း သစ်ပင် ၃ သိန်းလောက် စိုက်ပျိုးထားတယ်လို့  မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ပြောပါတယ်။

၂၀၀၅ ခုနှစ်က ဆင်ကကျေးရွာ ဒေသခံ ဦးဌေးဝင်းပါ ၅ ဦးကို ဆင်ကကြိုးပြင်ကာကွယ်တောမှာ စိုက်ခင်းဧက ၅၀ နဲ့ သဘာဝတော ၂၅ ဧက စုစုပေါင်း ၇၅ ဧကကို စတင်ကာ အစုအဖွဲ့ပိုင် သစ်တောအဖြစ် စတင်ချထားပေးခဲ့တာပါ။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂၀၁၉ ခုနှစ်မှာ ချောက်မြို့နယ် ကျေးရွာ ၁၆ ရွာမှ အစုအဖွဲ့ ၁၆ ဖွဲ့ရှိ လူဦးရေ ၁၇၆၁ ဦးက ဆင်ကကြိုးပြင်ကာကွယ်တောမှ ဧက ၄၀၀ နဲ့ ပုပ္ပကန်ကြိုးပြင်ကာကွာတောမှ ၆၂၅၁ ဒသမ ၆၆ ဧကကို လျှောက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ချောက်မြို့နယ်အတွင်းမှာ လက်ရှိ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းဧက ၆၈၆ ဒသမ ၂၀ နဲ့ သဘာဝတောဧက ၆၀၄၀ ဒသမ ၄၆ ဧက၊ စုစုပေါင်း ၆၇၂၆ ဒသမ ၆၆ ဧက ချထားပေးခဲ့တယ်လို့ ဦးဟန်မင်းက ပြောပါတယ်။

“CF (ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော) ပိုင်းမှာ အဓိက တောပြတ်တဲ့နေရာ၊ သဘာဝအတိုင်း သစ်ပင်မျိုးဆက်ကို မဆက်နိုင်တဲ့နေရာတွေကို ဦးစားပေး ချထားတာပါ” လို့ ချောက်မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ​ပြောပါတယ်။

ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာဖြစ်သော ပဲတိုးချောင်း၊ ကူဖြူ၊ ကြန့်ကန်၊ ဆင်က၊ သလုံး‌သွေး၊ နလင်ကန်(အရှေ့)၊ သန်းကုန်း၊ မြင်းကြိမ်လုံး၊ မကျီးပင်စု၊ နတ်စင်ကန်၊ ညောင်ဇင်၊ ပုပ္ပကန်၊ မှတ်ကြီးဖုန်း၊ လေးပင်ကုန်း၊ ကျောက်ရဲ(ရွာသစ်)၊ အေးရွာ၊ တပ်ကန်ကျေးရွာတို့က အစုအဖွဲ့ ၁၇ ဖွဲ့က ဒေသခံပြည်သူ ၁၇၆၆ ဦးကို ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်ခွင့် ချထားပေးခဲ့တာပါ။

ဒေသခံပြည်သူ အစုအဖွဲ့ ၁၇ ဖွဲ့ပိုင် သစ်တော ၆၇၂၆ ဧကမှာ မယ်ဇလီ၊ တမာ၊ ရှား၊ ယင်းမာ၊ ကုက္ကိုလ်၊ ကျွန်း၊ ဒဟက်၊ ဇီး၊ ပန်းချယ်ရီ၊ ထနောင်၊ ယူကလစ်၊ လျော်ဖြူ၊ ဘောစကိုင်း၊ မန်းကျည်း စတဲ့ ဒေသနဲ့ကိုက်ညီတဲ့ သစ်ပင်မျိုးပေါင်း ၁၄ မျိုး၊ စုစုပေါင်း သစ်ပင် နှစ်သိန်းကိုးသောင်းနှစ်ထောင် ပင်ကျော် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

အသစ်လျှောက်ချင်တဲ့သူတွေအနေနဲ့ စစချင်း User Group အသုံးပြုသူများအဖွဲ့ ဖွဲ့ပြီး အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါတဲ့ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီဖွဲ့ရမယ်လို့ ချောက်မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ရှင်းပြ​ပါတယ်။

“ဖွဲ့ပြီးတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌကနေ၊ မြို့နယ်သစ်တောကနေ၊ ခရိုင်သစ်တောအရာရှိဆီကို လျောက်လွှာတင်ရမှာ။ ကျနော်တို့က ကွင်းဆင်းပြီးတော့ ဒီမှာ ဘယ်လောက်ရှိတယ်၊ အတည်ပြုပြီးတော့ အုပ်ချုပ်လုပ်ကိုင်သူ စီမံချက်ရေးဆွဲရပြီး ပြန်တင်ရတယ်၊ ချထားခွင့်ရရှိမှသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရမှာ။” 

အင်ကြင်းဖုန်းကျေးရွာနဲ့ အိုးဖိုကျေးရွာတို့မှ ဒေသခံအစုအဖွဲ့ နှစ်ဖွဲ့မှ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်ပြုဖို့ တင်ပြထားကြောင်း၊ အင်ကြင်းဖုန်း အစုအဖွဲ့က ဧက ၂၀၀ နဲ့ အိုးဖို အစုအဖွဲ့က ဧက ၁၀ ဖြစ်တယ်လို့ သိရပါတယ်။

ချောက်မြို့နယ်မှာ သစ်တောကြိုးပြင်ကာကွယ်‌တော သုံးခုရှိပြီး တောင်ကြီးတွင်း ကြိုးပြင်ကာကွယ်တော ၁၆၁၀ ဧက၊ ခင်ကြီးဆင့် ကြိုးပြင်ကာကွယ်တော ၂၆၇ ဧက၊ စွယ်ပေါက်ကန် ကြိုးပြင်ကာကွယ်တော ၈၂၉ ဧက တစ်မြို့နယ်လုံး စုစုပေါင်း ကြိုးပြင်ကာကွယ်တော ၂၇၀၆ ဧက ရှိကြောင်း သစ်တောဦးစီးမှူးရုံးက သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013