
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ်တွေက ကျေးရွာတွေကို ဆက်တိုက် မီးရှို့နေပြီး သြဂုတ် ၃ ရက်ကလည်း နရွဲတောကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “ချောက်မြို့နယ်ထဲမှာ အနောက်ခြမ်းမှာ စစ်ကြောင်းတကြောင်းနဲ့ အရှေ့ခြမ်းမှာ စစ်ကြောင်းတကြောင်း ဝင်နေတယ်။ အရှေ့ခြမ်းမှာ ဝင်နေတဲ့ စစ်ကြောင်းက ရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်။ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေနဲ့ အနီးနားရွာတွေက ပြည်သူတွေကတော့ ထွက်ပြေးနေကြတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက ချောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ်တွေဟာ သြဂုတ် ၃ ရက် မနက်စောပိုင်းမှာ ကတိုင်(တောင်)ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နရွဲတောကျေးရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မ ယူဆောင်ကြသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အင်အား ၄၀၀ လောက်ပါတဲ့ ရန်သူစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတော့ မီးလောင်ပျက်စီးတဲ့ အသေးစိတ်တွေကို မသိရသေးဘူး။ နရွဲတောရွာကိုတော့ မနက် ၈ နာရီခွဲဝန်းကျင်ကတည်းက မီးရှို့နေတာ တနေကုန်လုံး၊ အခု ည ၁၀ နာရီအထိ မီးလောင်တာတွေ မြင်နေရတုန်းပဲ။ စစ်ကြောင်း ၂ ကြောင်းလုံးရဲ့ တိုက်ပွဲအခြေအနေကတော့ ပြောပြလို့မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စလေမြို့အခြေစိုက် ခမရ ၄၁၆ ထဲက အင်အား ၂၀၀ ဝန်းကျင်နဲ့ ချောက်မြို့နယ် အနောက်ခြမ်းကို တလကျော်ကြာ ဝင်ရောက်နေတဲ့ စစ်ကြောင်းဟာလည်း ပုဂံမြို့နဲ့ ခေတ်ပြိုင်ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာက လူနေအိမ်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံတွေနဲ့ လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ချောက်မြို့နယ်အတွင်းက ဒေသခံ၊ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အဆိုပါ စစ်တပ်စစ်ကြောင်းတွေရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတဲ့ အန္တရာယ်တွေကို ကြိုတင်ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










