
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မတ် ၂၁ ရက်မှ ၂၇ ရက်အထိ သစ်တိုကန်၊ သလုံးသွေး၊ သရက်ကုန်း၊ ကန်တောက်ကျောင်း၊ အိုင့်ကြီး၊ ကိုင်းထောက်ကန်၊ ထောက်ရှည်ကန်၊ ကန်ဆောင်၊ မကျီးစောက်နဲ့ ပြကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် သလုံးသွေးကျေးရွာက လူနေအိမ် ၂၄ လုံး၊ ပြကျေးရွာက လူနေအိမ် ၁၀၆ လုံးနဲ့ စာသင်ကျောင်းဆောင်ကြီးတဆောင်၊ ကန်တောက်ကျောင်းကျေးရွာက လူနေအိမ် ၂၀ တို့ အပါအဝင် လူနေအိမ်ခြေ ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က “အဆိုးဆုံး မီးရှို့ခံရတဲ့ ရွာတွေကတော့ ပြရွာ၊ သလုံးသွေးနဲ့ ကန်တောက်ကျောင်းရွာတွေ ဖြစ်ပါတယ်။ သူတို့တွေ စစ်ဘေးရှောင်နေကြရတာ ၁၀ ရက်ကျော်လောက် ရှိလာပြီ။ စစ်ဘေးရှောင်ကလည်း ၁,၀၀၀ ကျော်လောက်ရှိတယ်။ အဲဒီထဲကမှ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ အနေနဲ့ အခုနွေရာသီမှာ အဓိကလိုအပ်တာကတော့ သောက်ရေ၊ သုံးရေပေါ့ဗျာ။ သူတို့တွေ ရေရရှိရေးအတွက် ကျနော်တို့လည်း တတ်နိုင်သလောက် ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ချောက်မြို့နယ်၊ အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို မတ် ၂၁ ရက်မှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ မတ် ၂၇ ရက်မှာ ပြန်လည်ဆုတ်ခွာသွားပြီး မတ် ၃၁ ရက်ကနေ ဒီနေ့ချိန်အထိ နောက်ထပ် စစ်ကြောင်းတကြောင်း ထပ်မံဝင်ရောက်လာတယ်လို့ ဒေသခံက ပြောပါတယ်။
မကွေးခရိုင်တပ်ရင်း ၃ တာဝန်ခံ ကိုအာကြီးက “ပြီးခဲ့တဲ့လ ၃၁ ရက်နေ့မှာ ထပ်ဝင်လာတဲ့ စစ်ကြောင်းလည်း အဲဒီဘက်ကိုပဲ ထပ်ထိုးပြီးတော့ ပြည်သူပိုင်အိမ်တွေကို ထပ်ပြီး မီးရှို့နေပြန်တယ်။ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတော့လေ၊ အခုလက်ရှိ မီးလောင်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သလုံးသွေးကျေးရွာဟာ ၂ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး ပြကျေးရွာကတော့ ၅ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်ကာ ကန်တောက်ကျောင်းကျေးရွာကလည်း ၂ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံခဲ့တာ ဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးသွားတဲ့ အဆိုပါစစ်တပ်စစ်ကြောင်းကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်မှာ ရှိကြတဲ့ မကွေးခရိုင်အမှတ် ၃ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်းတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြလို့ စစ်တပ်လက်အောက်ခံ ၅ ယောက်ထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတာလည်း ရှိတယ်လို့ တော်လှန်ရေးတပ်က ပြောပါတယ်။










