
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့မှာ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်အင်အား တိုးချဲ့ချထားပေမဲ့ ရွှေဘိုမြို့အဝင် မင်းကုန်းရွာ စစ်ဆေးရေးဂိတ်၊ အုပ်ရှစ်ကန် သုသာန်၊ ကျွန်းတောနဲ့ ရန်ကြီးအောင် ရပ်ကွက်အနီးတို့မှာ လက်နက်ငယ် ပစ်ခတ်သံတွေနဲ့အတူ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတယောက်က “ဒီနေ့ (အာဇာနည်နေ့) မြို့မှာ နယ်က ကားတွေနဲ့ လူတွေ အဝင်အထွက် သိပ်မရှိဘူး။ မြို့ကလူတွေလည်း အသွားအလာ သိပ်မလုပ်ကြဘူး။ နေရာအနှံ့မှာ စစ်သားနဲ့ ရဲတွေချည်းပဲ ရှိနေတာပါ။ လှည့်ကင်းတွေကလည်း အရင်ရက်တွေထက် ပိုပတ်နေတယ်။ မြို့ထဲမှာတော့ ဘာမှဖြစ်တယ်လို့ မကြားရပေမဲ့ မြို့အစွန် လေးနေရာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီ ပေါက်ကွဲသံတွေကြောင့် မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်”လို့ ပြော ပါတယ်။
အဲဒီလိုပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူတွေ အနက်ရောင် ဝတ်ဆင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်မလုပ်ကို မျက်နှာဖုံးစွပ်ထားတဲ့ သူတွေက ကားငယ် ၃ စီးနဲ့ မြို့တွင်းမှာ လှည့်ကင်းပတ်ပြီး စောင့်ကြည့်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
အာဇာနည်နေ့မှာ ရွှေဘိုမြို့တွင်းကို စစ်တပ်က အင်အားအများအပြားနဲ့ စောင့်ကြည့်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အနက်ရောင်ဝတ်ဆင်ပြီး ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို မြို့ပေါ်မှာ မလုပ်နိုင်ခဲ့ ပါဘူး။
ဒါပေမဲ့ ရွှေဘိုနယ်က ကျေးရွာတွေမှာတော့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်ဆင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါတယ်။











