DVB Logo
Home
မြန်မာသတင်း
ကျွန်းလှမြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိ ၄ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ  
DVB
·
June 26, 2020
ကျွန်းလှမြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိ ၄ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ  
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနဲ့ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦး အပါအဝင် ရဲအရာရှိ ၄ ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး  ကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့တဲ့အမှု ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုဟာ တရားမဝင် ရွှေမျောလုပ်ကိုင်သူတွေထံက ငွေကျပ် ၃၀၀,၀၀ဝ ကိုလည်းကောင်း၊ ရဲမှူး အောင်မျိုးဦးက ငွေကျပ် ၅၅၀,၀၀ဝ ကို နှစ်ကြိမ်ခွဲပြီး လည်းကောင်း၊ ဒုတိယရဲမှူး သန်းထိုက်က ငွေကျပ် ၇၅၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ ၇ ဦး တို့ထံမှ ငွေကျပ် ၂၉၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ ဒုတိယရဲအုပ် မျိုးလွင်က  ငွေကျပ် ၂၅၀,၀၀ဝကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ ရဲအုပ် ရဲလင်းက  ငွေကျပ် ၂၀၀,၀၀ဝကို လည်းကောင်း လက်ခံရယူခဲ့ကြတာ တွေ့ရှိခဲ့ပါတယ်။

 ရာထူး တာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သလို့ အဆိုပါ ပုဂ္ဂိုလ်  ၅ ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ကျွန်းလှမြို့မရဲစခန်းမှာ ဇွန်လ ၂၆ ရက်က  ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လတ်ရှိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ခေါ်ယူထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အခုလို ထိန်းသိမ်းတာဟာ တရားမဝင် သစ်မှောင်ခိုကိစ္စ၊ ရွှေမျောကိစ္စတွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဒေသခံ ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက  ပြောပါတယ်။

"သစ်ကိစ္စတို့၊ သဖန်းဆိပ်ဆည်ထဲမှာ တရားမဝင်ရွှေမျောကိစ္စတို့လို့တော့ ခန့်မှန်းရတာပေါ့။ အခုဖမ်းထားတာတော့ ၅ ယောက်လောက်ကြားတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကိုတော့ မနက်က ခေါ်ယူထိန်းသိမ်းတယ်လို့ ကြားတယ်။ မြို့နယ်ရဲမှူး၊ စခန်းမှူး၊  နယ်ထိန်းခေါင်းဆောင်နဲ့ ခရိုင်ရဲတစ်ယောက်ကတော့ ညကတည်းက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရတယ်။ အသေးစိပ်တော့ မသိရသေးပါဘူး။"

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တာဝန်ရှိသူတွေက မတ်လကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ စုစုပေါင်း ၁၀ ရက်ခန့်အကြာ တာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခဲ့ ပါသေးတယ်။

အခုလို ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဘဝင်းကို  ဆက်သွယ်မေးမြန်းရာမှာတော့ "ဟုတ်တယ်လို့တော့ သတင်းကြား တယ်။ အသေးစိတ်တော့ မသိရသေးဘူးဆိုတော့ ပြောလို့အဆင်မပြေသေးဘူး။"လို့ ပြောပါတယ်။

၂၀၁၇  ဖေဖော်ဝါရီလကလည်း တရားမဝင်သစ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်းလှမြို့နယ်က ပေပင်ချောင်ရဲကင်းစခန်းမှူးတစ်ဦး၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်တစ်ဦးနဲ့ တရားမဝင်သစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃/ကျင့် ၅၁၂ တို့အရ အမှုဖွင့် အရေးယူခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013