DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၄ မြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
DVB
·
September 22, 2026
ရခိုင်ပြည်နယ် ၄ မြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
1 / 4
Photo:  APM
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဂွနဲ့ မင်းပြားမြို့နယ်တွေကို စက်တင်ဘာ ၂၁ ရက် တရက်တည်းမှာတင် စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာကို စစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်က ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်း နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးစောသိန်းရဲ့  ဦးခေါင်းမှာ ဗုံးစထိမှန်ကာ အခင်း‌ဖြစ်‌တဲ့နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။

ဒေသခံတယောက်က “ဗုံးက ရွာထွက်ဝ၊ ရွာကန်ဘောင်နဲ့ ဈေးအနီးအနား အပါအဝင် ရွာလယ်က ဦးစောသိန်းရဲ့ အိမ်အနီးမှာ ကျရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရွာဘုန်းကြီးကျောင်း အနီးအနားကို လက်နက်ကြီးတွေ ကျရောက်ခဲ့တာရှိပါတယ်။ အဲဒီတုန်းက အထိအခိုက်မရှိခဲ့ပေမဲ့ မနေ့ ညနေ လေကြောင်းက ဗုံးကြဲချိန်မှာတော့ သေဆုံးသွားခဲ့ရတာပါ”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်ကလည်း “ရွာမှာက လူတွေ သိပ်မရှိတော့ဘူးဗျာ။ အမျိုးသားတွေလောက်ပဲ အိမ်စောင့်၊ ရွာစောင့်အဖြစ် ကျန်ကြတော့တာ။ အဲဒီမှာ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ချခဲ့တာမှာ ဦးစောသိန်းရဲ့ အိမ်တည့်တည့်မှာ ကျရောက်ပေါက်ကွဲမှာ အိမ်ရှင်ဖြစ်သူ ဦးစောသိန်းက နေရာမှာတင် သေဆုံးသွားတာ။ အဓိကတော့ စစ်တွေတိုက်ပွဲ အထိနာနေတာကြောင့် နယ်စပ်ရှိ အရပ်သား ကျေးရွာတွေကို ရမ်းသန်းပြီး ဗုံးကြဲတိုက်ခိုက်လာနေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ ကုလားချောင်းကျေးရွာ အပါအဝင် အနီးဝန်းကျင်ဒေသတွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထား‌ပေမဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရွာသားအများစုမှာ စစ်ဘေးရှောင်နေကြရပြီး အိမ်စောင့်အဖြစ် သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အို အနည်းငယ်လောက်ပဲ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နဲ့ ၂၅ မိုင်ခန့်သာ ကွာဝေးတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကတည်းက အာရက္ခတပ်တော် (AA) က အပြီးသတ် ထိန်းချုပ်ထားတာကြောင့် စစ်တွေရှိ စစ်တပ်တွေမှာ  ကုန်းလမ်းထောက်ပို့စနစ် လုံးဝပိတ်ဆို့ခံထားရပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက်မှာပဲ ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ကျေးရွာသား အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ဒါအပြင် နေ့လယ်ပိုင်းမှာ ဂွမြို့နယ် ဆပ်သွားကျေးရွာ၊ အဉ္ဇနပူရ(မင်းပြား)မြို့နယ် သစ်ပုတ်တောင်ရွာအနီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဂွမြို့နယ်မှာ ကျောင်းသားတယောက်နဲ့ အမျိုးသားတယောက် ထိခိုက်သေဆုံးခဲ့ကြပါတယ်။

စက်တင်ဘာ ၂၀ ရက်ကလည်း ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား သားအမိ ၂ ယောက် ထိခိုက်သေဆုံးခဲ့ ပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ပုဏ္ဏားကျွန်း ထိုးစစ် စစ်ဦးကျိုးပြီး အထိနာနေတာကြောင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်တွေနဲ့ အခြားမြို့နယ်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ် အထူးသတိထားဖို့ လိုအပ်တယ်လို့ ရခိုင်စစ်ရေး အကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တပ်အနေနဲ့ သူတို့ရဲ့ ၄၉၂၆ စစ်ဆင်ရေး မအောင်မြင်ဖြစ်ပြီး အထိနာလာတာကြောင့် စစ်ပွဲဧရိယာနဲ့ နယ်နိမိတ် ထိစပ်မြို့နယ်တွေ၊ နောက် ရခိုင်က AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်း တွေ့လာရတယ်။ ဒါက စစ်တပ် ကျင့်သုံးနေတဲ့ အရပ်ဘက်ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးတတ်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ် အထူးသတိထားဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၄ ရက်ကစပြီး စစ်တပ်က ရခိုင်ပြည်နယ်အတွင်း မြို့တွေကို နယ်မြေပြန်လည်စိုးမိုးဖို့ ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။

ဒါကြောင့် မြေပြင်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်တပ်က AA ထိန်းချုပ်နယ်မြေတွေနဲ့  ကျေးရွာ‌တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေကို အသုံးပြုကာ အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတာကြောင့်  အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013