ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားမီဒီယာများနှင့်တွေ့ဆုံရှင်းလင်း
DVB
·
June 24, 2020

နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နေတဲ့အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားမီဒီယာတွေကို တွေ့ဆုံပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတာပါ။
ခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားမီဒီယာတွေဖြစ်တဲ့ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red star စတဲ့ သတင်းဌာနတွေနဲ့ Politic မဂ္ဂဇင်းတို့နဲ့ ဇွန်လ ၂၃ ရက်မှာ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ဖြေကြားခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍတွေ၊ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင် မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နေပြီး လွှတ်တော်အတွင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အခြေအနေ၊ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ဗိုလ်ချုပ်မှူးကြီးကရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုလုပ်ငန်းတွေမှာ တပ်မတော်ရဲ့ ပါဝင်ဆောင်ရွက်နေမှု နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ ရုရှားခရီးစဉ်ဟာ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း မြန်မာထိပ်တန်းခေါင်းဆောင် တစ်ဦးအနေနဲ့ ပြည်ပကို ပထမဆုံးသွားရောက်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံကို သွားရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မြန်မာနိုင်ငံ ပြန်လာပါက ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာ ဆောင်ရွက်မယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဓာတ်ပုံ- CINCDS