DVB Logo
Home
မြန်မာသတင်း
ကလေး-ကလေးဝ-တမူး လမ်းပိုင်း တံတားများ ယိုယွင်းပျက်စီးလာသဖြင့် ဒေသခံများ စိုးရိမ်
DVB
·
June 24, 2020
ကလေး-ကလေးဝ-တမူး လမ်းပိုင်း တံတားများ ယိုယွင်းပျက်စီးလာသဖြင့် ဒေသခံများ စိုးရိမ်
Donate to DVB

ကလေး-ကလေးဝ-တမူး လမ်းပိုင်း တံတားတွေဟာ တစစပျက်စီးလာနေတဲ့အတွက်  မိုးရာသီ ခရီးလမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

ကုန်တင်ကားမောင်းသူ ကိုထွေးငယ်က “တံတားတွေက အရင်က သံဘောင်တံတားတွေ အင်္ဂလိပ်ခေတ်ကတည်းကတည်ခဲ့တာ။ အဲဒီတံတားတွေက နှစ်ကြာတော့ ကြမ်းခင်းတွေကို သစ်သားနဲ့ လဲပြုပြင်တယ်။ ခုတော့ သစ်သားတွေလည်း ​ကျိုးကုန်ပြီ။ မိုးရာသီဆို လမ်းပန်းပြတ်မယ့် အခြေအနေကို စိုးရိမ်ရတယ်” လို့  ပြောပါတယ်။

ကလေး-ကလေးဝ-တမူး လမ်းပိုင်း တံတားအစင်းပေါင်း ၆၉ စင်းရှိရာမှာ အိန္ဒိယက ရူပီးငွေ ၂၉၄ သန်းအကုန်အကျခံပြီး  နှစ်လမ်းသွား ကွန်ကရစ်တံတားခင်းဖို့ မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်​နေ့က အမ်အိုယူ လက်မှတ်ရေးထိုးထားခဲ့ပေမယ့် ဒီနေ့ထိ ပြင်ဆင်နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

တမူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက “၂၀၁၇ ဒီဇင်ဘာလမှာ အိန္ဒိယ တင်ဒါအောင်ကုမ္ပဏီက တံတားလုပ်ငန်း​တွေ စတင်ဆောင်ရွက်ခဲ့ပေမယ့် ကုမ္ပဏီက စာချုပ်ပါ စည်းကမ်း​တွေအရ လုပ်ငန်း​လုပ်ဆောင်ရာမှာ တိတိကျကျ ဆောင်ရွက်မှုမရှိခြင်းနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အောင်မြင်မှုမရှိခြင်းတို့ကြောင့် ၂၀၁၈ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက လုပ်ငန်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်”လို့ ပြောပါတယ်။

အဲဒီလိုအခြေအနေကြောင့် တံတားတွေ မပြင်ဆင်နိုင်ခဲ့ပေမဲ့ လမ်းတံတားက နေ့စဉ် သတ်မှတ်တန်ချိန်ထက် ပိုတဲ့ယာဉ်တွေက တံတားကွင်းလမ်းကနေ မသွားဘဲ တံတားပေါ်က ဖြတ်မောင်းနေတာကြောင့်လက်ရှိမှာ ပျက်စီးနေပြီး မိုးကာလ ချောင်းရေတက်ချိန် လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်မှာ စိုးရိမ်စရာ အနေအထားပါ။

၂၀၁၉ ကတည်းက တံတားကြမ်းခင်း တပ်ဆင်ရေးလုပ်ငန်းဟာ အိန္ဒိယ ငွေလွှဲပြောင်းမှု ကြန့်ကြာခဲ့တာကြောင့် လုပ်ငန်းနှောင့်နှေးခဲ့ပြီး  တမူးမြို့နယ်အတွင်း တံတားလေးစင်းကိုတော့ ပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

လမ်းတံတားဦးစီးဌာနက ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေကနေ တမူးမြို့နယ်အတွင်းက ပန်းသာတံတား၊ နန်းမွန်တားတံတား၊ နန်းကတိတ်တံတားနဲ့ ကနန်တံတား လေးစင်းကို ကြမ်းခင်းတွေ အသစ်လဲလှယ်ဖို့ ခွင့်ပြုချက်ရလို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013