
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဆေးခြောက်နဲ့ တခြားဆေးဝါးတွေ သယ်လာတဲ့ စက်လှေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက်ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့က စစ်တွေမြို့ဘက်ကို လာနေတဲ့ စက်လှေ ၂ စင်းကို ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နဲ့ ချိန်ခါလီရွာကြား ကမ်းစပ်မှာ AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ AA နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“စက်လှေက ပထမတစီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ယောက် ပါတယ်။ ဆေးခြောက် မူးယစ်ဆေးရော၊ လူသောက်တဲ့ ဆေးဝါးတွေရော ပါတယ်။ စစ်တွေကို မှောင်ခိုလာပို့တာ။ အဲဒီစက်လှေ ပျက်နေတော့ AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက သွားပြီးစစ်ဆေးတာမှာ မူးယစ်ဆေးတွေ ဖမ်းမိတာပါ” လို့ ပြောပါတယ်။
စက်လှေဟာ စက်ပျက်ပြီး ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ ချိန်ခါလီရွာကြားက ကမ်းစပ်မှာ ရပ်ထားချိန် ဖမ်းဆီးရမိတာဖြစ်ပြီး အဲဒီပျက်နေတဲ့ စက်လှေကို လဲဖို့လာတဲ့ နောက်ထပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ပါတဲ့ စက်လှေကိုလည်း AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ထပ်မံဖမ်းမိတာဖြစ်တယ်လို့ ရသေ့တောင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ပထမတစီး အဖမ်းခံရတာကို မသိဘဲ ဒုတိယတစီးက လာတာ။ အဲဒီစက်လှေတစီးပါ ထပ်ပြီး အဖမ်းခံရတာ။ စုစုပေါင်းစက်လှေက ၂ စီးပေါ့။ ဘင်္ဂလားဒေရှ့်နိုင်ငံသား စုစုပေါင်း ၁၁ ယောက်” လို့ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စက်လှေပေါ်မှာ ဆေးခြောက် ၃ ကီလိုဂရမ် ၃ ထုပ်၊ ၂ ကီလိုဂရမ် ၃ ထုပ်၊ ၁ ကီလိုဂရမ် ၁၇ ထုပ်၊ စုစုပေါင်း ၂၃ ထုပ်၊ ယားနာလူးဆေး ၂ အိတ်၊ သန္ဓေတားဆေး ၂ အိတ်၊ ဖုန်း ၄ လုံးနဲ့ တာကာငွေ ၅၀၀ ပါတယ်လို့ သိရပါတယ်။
အခုလို တရားမဝင် မူးယစ်ဆေးနဲ့ ဆေးဝါးတွေကို သယ်ဆောင်လာတဲ့ အမျိုးသမီးတယောက် အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လုပ်ဆောင်နေတယ်လို့ မောင်တောခရိုင်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။










