
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းရွာကို အောက်တိုဘာ ၃၀ ရက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU၊ တပ်မဟာ ၄၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ K8W ဂျက်ဖိုက်တာအမျိုးအစားနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပေါင် ၂၅၀ နဲ့ ၃၀၀ ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရ ပါတယ်။
ဒေသခံတယောက်က “အခု လေယာဥ်လာကြဲနေတဲ့အခိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ အခု လိုက်ပစ်တဲ့နေရာက လုံးဝ တိုက်ပွဲဖြစ်တာမျိုး မရှိပါဘူး။ လေယာဥ်နှစ်ကြိမ်လာကြဲတဲ့အချိန်မှာ ဒုတိယအကြိမ်က မိသားစုတွေရှိနေတဲ့ နေအိမ်ပေါ်ကျတယ်။ ၄ ဦးသေဆုံးပြီး တဦး ထိခိုက် ဒဏ်ရာရတယ်။ ဖုန်းလိုင်းလည်းမကောင်းတော့ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ယောက်၊ အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ယောက်၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၉၃ နှစ်အရွယ် အမျိုးသမီး ၁ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးပြီး အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေး ၂ ယောက်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ယောက်၊ စုစုပေါင်း ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ KNU တပ်မဟာ ၄ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူနေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဆိုင်ကယ် ၂ စီးပါ ထိခိုက် ပျက်စီးခဲ့ ရတယ်လို့ သိရပါတယ်။
ကညင်ချောင်းရွာဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရေဘေးသင့်ခဲ့ပြီး ရေဘေးကြောင့် ရွာသား ၂ ယောက် သေဆုံး၊ အိမ်ခြေ ၃၇၆ လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ ၁,၆၀၀ ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့နေရာလည်းဖြစ်တယ်လို့ သိရပါသေးတယ်။











