DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်လာရန် အခက်အခဲတွေ့နေသူ  ရာနှင့်ချီရှိနေ 
DVB
·
June 23, 2020
ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်လာရန် အခက်အခဲတွေ့နေသူ  ရာနှင့်ချီရှိနေ 
Donate to DVB

ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လာမယ့် ဇွန်လ ၂၆  ရက်မှာ အစိုးရက ကယ်ဆယ်ရေး လေယာဉ်နဲ့ ဒုတိယအကြိမ် ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးက  (Relief Flight) စီစဉ် ပေးနေပေမယ့် လိုက်ပါခွင့်မရဘဲ အခက်အခဲတွေ့နေသူတွေ  အများအပြားကျန်ရှိနေသေးတယ်လို့ ဂျပန်ရောက်မြန်မာတွေက ပြောပါတယ်။

ဂျပန်မှ မြန်မာနိုင်ငံပြန်ချင်သူများအဖွဲ့တည်ထောင်ထားသူ  မအေးနန္ဒာဦးက “ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကတည်းက ပါမသွားသူတွေ  အများကြီးကျန်ခဲ့ပြီး အခု ဒုတိယအကြိမ်မှာလည်း သတ်မှတ်ထားတဲ့ရက်အတွင်း လိုအပ်တဲ့ စာရွတ်စာတမ်းတွေ  ပြည့်စုံစွာနဲ့ လျှောက်ထားပါလျက်နဲ့ အရွေးမခံရဘဲ ကျန်ခဲတဲ့သူတွေ အများကြီးပါ။ ကျမလည်း မြန်မာပြည်မှာ ကျန်းမာရေး သိပ်မကောင်းတဲ့ အမေတစ်ယောက်တည်း ဖြစ်နေတာရယ်၊ မြန်မာပြည်ကအလုပ်မှာ ကိုယ်တိုင်မရှင်းရင်မရတဲ့ ပြဿနာတွေရှိနေတာရယ် အတွက် အမြန်ဆုံးပြန်ချင်နေတာပါ။”လို့ ဒီဗွီဘီကို ပြောပါတယ်၊၊

တိုကျိုမြို့မှာနေထိုင်ပြီး ကျောင်းဗီဇာရော နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းပါ ကျော်လွန်နေသူ မစုမြတ်ကလည်း “ပထမအကြိမ် ကတည်းက  စာရင်းတင်ထားပေမဲ့ ခုအခေါက်လည်း ပြန်ခွင့်စာရင်းထဲမပါလို့ သံရုံးကိုဖုန်းဆက်ပေမဲ့ သေချာဘာမှမသိရဘူး။ ဗီဇာရော နိုင်ငံကူးလက်မှတ်က ကျော်နေတော့ အလုပ်လည်းလုပ်မရနဲ့ အရမ်းဒုက္ခရောက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ မအေးနန္ဒာဦးကလည်း “တချို့ဆိုရင် အခန်းကလည်း  ၆ လပိုင်းလကုန်မှာ ဆင်းပေးရမယ့်သူတွေ၊  ကိုယ်ဝန်နဲ့မို့လို့ အမြန်ဆုံး ပြန်ချင်ကြတဲ့သူတွေ၊ ဗီဇာကုန်အလုပ်ပြုတ်နဲ့ နေစရာ မရှိနဲ့ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နေကြပါတယ်။ ကျမသိသလောက်အားလုံး ၁၅၀ ကျော်ရှိနေပါတယ်။ တချို့ဆို သံရုံးက လက်မှတ်ဝယ်မှဆိုလို့ ပုံမှန်ထက် ၃ ဆလောက်ပို့ပေးပြီး ဝယ်ထားသူတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။

ကိုဘေမြို့က ဟိုတယ်နဲ့ခရီးသွားလာရေး ကောလိပ်ကျောင်းဆင်းမောင်မွန်လေးကလည်း “ ကျနော် မတ်လကတည်းက အလုပ်ရှာမရပဲ ပြန်ဖို့ စီစဉ်နေပေမယ့် ကြန့်ကြာနေတာကြောင့်အခုလို အလုပ်မရှိပဲ ဂျပန်မှာ နေနေရတာ  အရမ်းစိတ်ဒုက္ခရောက်ရပါတယ်။ သက်ဆိုင်ရာတွေ အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒုတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ်မှာ အသက်အရွယ်ကြီးရင့်သူ ကျန်းမာရေး မကောင်းသူ၊ ခလေးငယ်မိခင်၊ ကိုယ်ဝန်သည်၊ အစိုးရနဲ့ ပုဂ္ဂလိကပညာသင်တွေ၊ အလုပ်သင်သင်တန်းသားတွေ၊ အလုပ်အခက်အခဲရှိသူတွေ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးက မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့ အကြောင်းကြားထားသူတွေနဲ့ သင်္ဘောသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၈၀ ဦး လိုက်ပါမယ်လို့ တိုကျိုမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသား ၁၉၅ ဦးကို ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြီးခဲ့တဲ့ မေလ  ၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး လာမယ့် ဇူလိုင်လမှာ နောက်ထပ်တကြိမ် ကယ်ဆယ်ရေးလေယာဉ်ပျံသန်းပေးမယ်လို့  မြန်မာသံရုံးက သိရပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013