DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ဂယက်ကြောင့် ထိုင်းရောက် ကြေးကွင်းစွပ် ကယန်းလူမျိုး ၃၀၀ ခန့် ကယားပြည်နယ် ပြန်လာ
DVB
·
June 23, 2020
ကိုဗစ်-၁၉ ဂယက်ကြောင့် ထိုင်းရောက် ကြေးကွင်းစွပ် ကယန်းလူမျိုး ၃၀၀ ခန့် ကယားပြည်နယ် ပြန်လာ
Donate to DVB

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာမှာ ပြသတဲ့ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးတမျိုးဖြစ်တဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်းလူမျိုး ၃၀၀ လောက်ဟာ ပြီးခဲ့တဲ့လပိုင်းကပြီး  မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားမရှိတော့တဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လည်ပင်းကွင်းကြေး ကွင်းစွပ် ကယန်းလူမျိုးတွေဟာ အလုပ်အကိုင်မဖြစ်တော့သလို ဝင်ငွေလျော့နည်းလာတဲ့အတွက် မတ်လက စပြီး မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာကြတာပါ။

သူတို့တွေအများစုက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာက  ကယန်းလူမျိုးတွေဖြစ်ကြပြီး အဆိုပါကြေးရွာကနေ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ ရွာသူရွာသား ၈၀ ရာခိုင်နှုန်းလောက် ပြန်လာကြတယ်လို့ ကျေးရွာ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုမောင်သားက ပြောပါတယ်။ 

“တော်တော်ပြန်လာကြပါတယ်။ ပြည်ပရောက်သွားတဲ့လူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပြန်လာကြတယ်။ မပြန်လာတဲ့လူတွေကတော့ လူငယ်ပိုင်းတွေ၊ ဥပမာ ထိုင်းက စက်ရုံတွေ ဘာတွေမှာ အလုပ်လုပ်တဲ့လူပဲပေါ့နော်။ ဒီခရီးသွားလုပ်ငန်းကြောင့်  ထိုင်းမှာ အလုပ်သွားလုပ်တဲ့လူတွေက အကုန်လုံးပြန်လာကြပြီ။ ဒီ ၃ လပိုင်းနဲ့ ၄ လပိုင်းလောက်မှာ ပြန်လာတဲ့လူတွေ ၂၀၀ ကနေ ၃၀၀ ကြား အဲလောက်တောင်ရှိနေပြီ။ လက်ရှိ ဒီရွာထဲမှာပဲ ရှိနေတယ်။”

ချင်းမိုင်မြို့ မယ့်ရင်းမှာ ဖွင့်လှစ်ထားတဲ့ ခရီးသွား ဆွဲဆောင်ရာနေရာမှာ သွားရောက်အလုပ်လုပ်ပြီး ပြန်လာတဲ့ မအို့ကတော့ မတ်လတုန်းက ကလေးငယ် ၂ ဦးအပါအဝင် ပန်ပက်ကျေးရွာကို သူ့မိသားစုဝင် ၅ ဦးနဲ့အတူ ပြန်ရောက်လာပါတယ်။  

“ကျမ ပြန်လာတာ ၄ လရှိပြီ။ အိမ်ပြန်လာချင်လို့ ပြန်တာပေါ့နော်။ ဟိုမှာကလည်း အလုပ်မရှိတော့ဘူး။ အိမ်လည်းပြန်လာချင်လို့ ပြန်လာတာပေါ့။ ဟိုမှာက လူပေါင်း ၈၀ လောက်နေတယ်။ တဝက်လောက်က ဒီကို ပြန်လာကြပြီ” လို့ မအို့က ပြောပါတယ်။ 

နောက်ထပ် ကယန်းအမျိုးသမီးတဦးကလည်း ချင်းမိုင်မြို့ မယ့်တယ်ကျေးရွာဘက်မှာ ဖွင့်လှစ်ထားတဲ့ ခရီးသွားဆွဲဆောင်ရွာနေရာမှာ ကယန်းကြေးကွင်းပတ် သရုပ်ဖော်ပြသတာနဲ့ ရိုးရာပစ္စည်းတွေ ရောင်းချတဲ့နေရာမှာ လုပ်ဆောင်ခဲ့ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာသူတွေ မရှိတော့တာကြောင့် ပုံမှန်ရနေကျ လစာငွေလည်း မရတော့သလို အလုပ်အကိုင်မရှိတော့တဲ့အတွက် ပြန်လာတယ်လို့ အမည်မဖော်လိုတဲ့ ကယန်းတိုင်းရင်းသူက ပြောပါတယ်။

“ဟိုမှာက အဆင်သိပ်မပြေတော့ဘူးလေ။ လစာလည်း အပြည့်မရတော့ဘူး။ ပြီးရင် ဧည့်သည်လည်း မရှိဘူး။ အရင်ကလစာ ဘတ်ငွေ ၉၀၀၀ လောက်ရတယ်။ ဒါပေမဲ့ အခုက တဝက်လောက် လျော့သွားတယ်။ နောက်ဧည့်သည်လည်း ထပ်မလာလို့ ပြန်လာလိုက်တာပေါ့နော်။ အခုပြန်လာတာက မိသားစုလိုက် ပြန်လာတာ။ ”

အခုလက်ရှိမှာလည်း ပန်ပက်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ရိုးရာဆိုင်ခန်းမှာ ရိုးရာ ပစ္စည်းတွေကို ရောင်းချနေပါတယ်။ 

ထိုင်းနိုင်ငံကနေ ပြန်လာသူတွေကတော့ ဒီပန်ပက်ရွာမှာပဲ ဆက်လက်နေထိုင်လိုသူတွေ ရှိသလို ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရင်တော့ ပြန်သွားလိုသူတွေလည်း ရှိနေပါတယ်။ 

ပန်ပက်ကျေးရွာဟာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ထားတဲ့ ခရီးသွားကျေးရွာ တခုဖြစ်ပြီး အိမ်ခြေ ၂၃၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ကျေးရွာဖြစ်ကာ ကယန်းလူမျိုးတွေသာ နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။ 

ကယန်းတိုင်းရင်သားတွေဟာ ထူးဆန်းတဲ့ လည်ပင်းကြေးကွင်းပတ် ဓလေ့ရှိပြီး မြန်မာနိုင်ငံရဲ့ ရှားပါးထူးခြားတဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခု ဖြစ်သလို ကမ္ဘာကပါ သူတို့ရဲ့ထူးခြားလှတဲ့ ရိုးရားယဉ်ကျေးမှုဓလေ့ကို အသိအမှတ် ပြုပေးရတဲ့ လူမျိူးစုတစ်ခု ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွေမှာ ကယန်းလူမျိုး အများစု နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013