DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်ရှိ ကျောင်းသား ၅၀၀ ကျော်အတွက် WFP က တစ်လကျပ် ၈၀၀၀ စီ ငွေကြေးထောက်ပံ့
DVB
·
June 23, 2020
ရေးမြို့နယ်ရှိ ကျောင်းသား ၅၀၀ ကျော်အတွက် WFP က တစ်လကျပ် ၈၀၀၀ စီ ငွေကြေးထောက်ပံ့
Donate to DVB

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျောင်းသား ၅၀၀ ကျော်အတွက် တစ်ဦးကို  တစ်လ ကျပ် ၈,၀၀၀ နှုန်းစီးနဲ့ အခုလကစလို့ ငွေကြေးထောက်ပံ့ပေးနေပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်ကစလို့ အမျိုးသားအဆင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း အစီအစဉ် အဖြစ် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကျောင်းတွင်း နေ့လယ်စာကျွေးမွေးခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလကြောင့် ကျွေးမွေးခြင်းအစီအစဉ်အစား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့တာပါ။

အစီအစဉ်ရဲ့ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ စီမံကိန်းမြို့နယ်တာဝန်ခံ ရေးမြို့နယ်လက်ထောက်ပညာရေးမှူး ဦးသိန်းနိုင်က “ကလေးတွေ အာဟာရဖွံ့ဖြိုးမှု၊ ကျောင်းတက် မှန်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ အများနဲ့နေထိုင်တတ်ဖို့ ရည်ရွယ်ပါတယ်။ ကပ်ရောဂါ အခက်အခဲကြောင့် ကျောင်းမဖွင့်နိုင်ပေမဲ့ ဇွန်လကစလို့ ကလေးတစ်ဦးကို ကျပ် ၈၀၀၀ နှုန်းနဲ့ ထောက်ပံ့သွားမှာ ဖြစ်သလို ကျောင်းဖွင့်ရင်တော့ ပြီးခဲ့တဲ့စာသင်နှစ်ကလိုပဲ နေ့လယ်စာ ကျွေးမွေးခြင်း အစီအစဉ်ကို စာသင်နှစ်ပြီးဆုံးသည်အထိ ပြန်လည်ဆောင်ရွက်သွားပါ့မယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ထောက်ပံ့ရာမှာ ဝေးလံသီခေါင်တဲ့အရပ်ဒေသက ကျောင်းတွေနဲ့ ဆင်းရဲချို့တဲ့တဲ့ အရပ်ဒေသကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့သက်ဆိုင်တဲ့ စည်းကမ်းချက်တွေအတိုင်း ကျောင်းတွင်း အာဟာရကျွေးမွေးရေးကော်မတီတွေကတဆင့် ဆောင်ရွက်နေကြောင်း ဦးသိန်းနိုင်က ပြောပါတယ်။

ကျောက်မိချောင်းမြောက်ကျေးရွာနေ မိဘတစ်ဦးဖြစ်သူ ဒေါ်နှင်းနွယ်က “ခုလို လာထောက်ပံ့တဲ့အတွက် အဆင်မပြေတဲ့မိဘတွေအတွက် အဆင်ပြေတယ်။ ခုအချိန်က စီးပွားရေးတွေလည်းခက်ခဲကြတော့ ခုလို လာထောက်ပံ့တော့ ကလေးတွေအတွက် လိုတာလေးတွေ ဝယ်ပေးလို့ရတာပေါ့” လို့  ပြောပါတယ်။

WFP အနေနဲ့ အာဟာရကျွေးမွေးခြင်းအစီအစဉ်အတွက် မွန်ပြည်နယ်အတွင်း စီမံကိန်းဝင် မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်က ၁၄ ကျောင်း၊ ရေးမြို့နယ်က ၈ ကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၀၀ ကျော်ခန့်ကို ထောက်ပံ့ပေးနေတာဖြစ်ပြီး ထပ်မံတိုးမြှင့်ထောက်ပံ့သွားဖို့ရှိတယ်လို့ သိရပါတယ်။

သတင်း-ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013