DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ်ပြော
DVB
·
June 22, 2020
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး   ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ  ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အီးယူကိုယ်စား ခရိုအေးရှား အမြဲတမ်းကိုယ်စားလှယ် Ms. Vesna Batistic Kos က    ဆုံးဖြတ်ချက်မူ ကြမ်း တင်သွင်းခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အဆိုမူကြမ်းကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေ  မဲခွဲဆုံးဖြတ်ကြရာမှာ  ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၈ မဲ၊  ထောက်ခံမဲ ၃၇ မဲနဲ့ အဆိုကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်၊ ဩစတြေးလျနဲ့ အီးယူနိုင်ငံတွေက ထောက်ခံမဲပေးကြပြီး၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတို့က မြန်မာ နိုင်ငံဘက်မှ ရပ်တည် ကန့်ကွက်မဲ ပေးခဲ့ကြကာ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ ဆီနီဂေါ တို့က ကြားနေမဲပေးခဲ့ကြပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့  လက်မခံဘဲ ပယ်ချတဲ့ အကြောင်း ကန့်ကွက် ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

လူ့အခွင့် အရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အပြုသဘောဆောင်ရေး၊ ထိပ်တိုက် မတွေ့ဆုံရေး၊ နိုင်ငံရေး သွတ်သွင်းမှုမရှိရေး၊ ဘက်လိုက်မှုမရှိရေး၊ တရားမျှတစွာ ဆွေးနွေးရေးနဲ့ တရားမျှတပြီး တန်းတူညီမျှရှိရေးတို့အပေါ် အခြေခံရမည်ဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အပေါ် ဦးတည်သတ်မှတ်တဲ့ လုပ်ပိုင်ခွင့် အာဏာဟာ မြေပြင်အခြေအနေ တိုးတက်ကောင်းမွန် လာရေးကို အားပေးရာ မရောက်ဘဲ ပိုမိုဆိုးရွားစေမယ်လို့ မြန်မာ ကိုယ်စားလှယ်က ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း၊ ရခိုင်ပြည်နယ်အရေး ကိစ္စဟာ မြန်မာနိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုများစွာအနက် တစ်ခု မျှသာဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာအရ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရေး ပြည်တွင်း တရားစီရင်ရေးယန္တရားနဲ့ ဆောင်ရွက်နေပြီး  မြန်မာပြည်တွင်း တာဝန်ခံမှု တာဝန်ယူမှု လုပ်ငန်းစဉ် ဆောင်ရွက်နေမှုကိုလည်း အသိအမှတ် ပြုရမယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆုံးဖြတ်ချက်အဆိုမူကြမ်းဟာ လက်တွေ့အမှန်တရားကို လုံးဝထင်ဟပ်မှုမရှိ ကြောင်း၊ မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ကြုံတွေ့ နေရပြီး၊ နိုင်ငံတဝန်း ရေရှည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတွေရှိနေပေမဲ့ ကဏ္ဍများစွာ အောင်မြင်မှုများရရှိနေပြီ လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံပေါ်တွင် အဟန့်အတားတွေ ပြုလုပ်မယ့်အစား  လက်ကမ်းကူညီမှု ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် လက်ရှိ  မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနည်းတူး ကိုဗစ်-၁၉ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါရဲ့ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

အီးယူရဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတိုင်းရင်းသားအားလုံးကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးဖို့နဲ့ မဲပေးခွင့်ပေးဖို့၊ ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတစွာပါဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက  ရိုဟင်ဂျာလို့ သုံးစွဲထားပေမဲ့ မြန်မာအစိုးရကတော့ ဒီအသုံးအနှုန်းကို တရားဝင်သုံးစွဲခြင်း မရှိပါဘူး။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013