ကနေဒါနိုင်ငံကို ဥရောပသမဂ္ဂရဲ့ ပထမဆုံး တွဲဖက်အဖွဲ့ဝင် (associate member) အဖြစ် ဝင်ရောက်ရေး ကမ်းလှမ်းမှုဟာ “ရယ်စရာကောင်း” တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၁၆ ရက်မှာ ဝေဖန်လိုက်ပါတယ်။
ဥရောပအပေါ် သွင်းကုန်ခွန် အကြီးအကျယ် တိုးကောက်တာ၊ ကုန်သွယ်မှုရပ်ပစ်တာတွေ လုပ်နိုင်တယ်လို့လည်း ခြိမ်းခြောက်ပါတယ်။
“ရည်ရွယ်ချက်က မကောင်းဘူးဆိုရင် ဥရောပအပေါ် အလွန်ကြီးလေးတဲ့ အခွန်တွေ ချမှတ်မယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
တွဲဖက်အဖွဲ့ဝင်ဖြစ်ရေး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကို စက်တင်ဘာ ၁၆ ရက်မှာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
နည်းပညာ၊ ကာကွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပိုနီးနီးကပ်ကပ် ပူးပေါင်းဖို့ ရည်ရွယ်ပါတယ်။
အရေးပါတဲ့ တွင်းထွက်သယံဇာတတွေ၊ ဉာဏ်ရည်တုနည်းပညာနဲ့ အာတိတ်ဒေသက စီမံကိန်းတွေမှာလည်း လက်တွဲဖို့ အဆိုပြုထားပါတယ်။
ကနေဒါနဲ့ အီးယူကြား ကုန်သွယ်ရေးသဘောတူညီချက် ရှိထားသလို ထရမ့်ပ်ရဲ့ အခွန်တိုးကောက်မှုတွေကြောင့် နှစ်ဖက်ဆက်ဆံရေး ပိုနီးကပ်လာတာ ဖြစ်ပါတယ်။
ကနေဒါကလည်း ဗြိတိန်ဦးဆောင်တဲ့ နိုင်ငံ ၁၀ နိုင်ငံပါ ပူးတွဲပြည်ပစစ်ဆင်ရေးတပ်ဖွဲ့ (Joint Expeditionary Force) မှာ ပါဝင်ဖို့ တရားဝင် လျှောက်ထားပါတယ်။
ဒါပေမဲ့ အီးယူမှာ တွဲဖက်အဖွဲ့ဝင် (associate member) ဆိုတဲ့ အဖွဲ့ဝင်အမျိုးအစား အရင်က မရှိခဲ့ဘူးတဲ့အတွက် ကနေဒါအတွက် အခွင့်အရေးနဲ့ သတ်မှတ်ချက်တွေ မရှင်းလင်းသေးပါဘူး။
ဗွန်ဒါလေယန် ကတော့ ဒီပူးပေါင်းမှုဟာ တခြားနိုင်ငံကို ဆန့်ကျင်ဖို့ မဟုတ်ဘဲ နှစ်ဖက်စလုံး အားကောင်းဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။











