Homeမြန်မာသတင်း
ရခိုင်နှင့်ချင်းတွင် အင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို
ရခိုင်နှင့်ချင်းတွင် အင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို
DVB
·
June 21, 2020

ရခိုင်နဲ့ ချင်းပြည်နယ်က မြို့ ၈ မြို့မှာ ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး ခြွင်းချက်မရှိ စွမ်းအားပြည့် ချက်ချင်းပြန်ဖွင့်ပေးဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဇွန် ၂၁ ရက်နေ့မှာ ၁ နှစ်ပြည့်တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်တာလို့ ဆိုပါတယ်။
အဲဒီမြို့နယ် ၈ မြို့နယ်က လူပေါင်း ၁၄ သိန်းလောက်ဟာ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး အစိုးရကတော့ ဒါဟာ နိုင်ငံတော်လုံခြုံရေးအတွက်လုပ်ထားတာလို့ ဆိုထားပါတယ်။
ဒါပေမယ့် ဒီလို အင်တာနက်ဖြတ်တောက်ထားလို့ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ လျော့သွားတယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘဲ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလထဲမှာ ဒေသခံတွေဟာ ဆိုးရွားတဲ့ ထိခိုက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပိတ်ထားတဲ့ မြို့တွေက ဖုန်းအင်တာနက်လိုင်းတွေကို ခြွင်းချက်မရှိ စွမ်းအားပြည့် ချက်ချင်းပြန်ဖွင့်ပေးဖို့၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေရဲ့ ပုဒ်မ ၇၇ နဲ့ ၇၈ တို့ကို ပြန်လည်သုံးသပ်ဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ အမြန်ဆုံး ပြင်ဆင်ဖို့၊ နောက်နောင်မှာလည်း အင်တာနက်ကို မဖြတ်တောက်ဖို့၊ နှုန်းမလျှော့ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုပါတယ်။
ဒါကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ကန့်ကွက်ထားပြီး ဒီနေ့မှာလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမဏီ၊ အီတလီ၊ နော်ဝေ စတဲ့ နိုင်ငံတွေကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါသေးတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၈ မြို့နယ်မှာ အင်တာနက်ဖြတ်တောက်တာ ၁ နှစ်ပြည့်အဖြစ် တက်ကြွလှုပ်ရှားတွေက အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ရေး လှုံ့ဆော်ရေးစာတန်းကို ရန်ကုန်မြို့ရှိ ဆူးလေ ခုံးတံတားမှာ ချိတ်ဆွဲကာ လှုပ်ရှားမှုတခုကို ဒီကနေ့ ဇွန် ၂၁ ရက်မှာ ပြုလုပ်ပါတယ်။