DVB Logo
Home
မြန်မာသတင်း
ဂျပန်ခေတ်ပစ္စည်း တူးဖော်သည့်နေရာတွင် လူ ၄ ဦး သေဆုံးမှု မွန်ပြည်နယ်အစိုးရ ဖြေရှင်းပေးရန် တောင်းဆို
DVB
·
June 21, 2020
ဂျပန်ခေတ်ပစ္စည်း တူးဖော်သည့်နေရာတွင် လူ ၄ ဦး သေဆုံးမှု မွန်ပြည်နယ်အစိုးရ ဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်မှု စီမံကိန်းနေရာမှာ မိန်းကလေးငယ် ၃ ဦးအပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့မှုကို ပြည်နယ်အစိုးရ ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ 

သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာ မိန်ဗလာတောင်ရှိ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်မှု စီမံကိန်းနေရာမှာ ဇွန်လ ၁၇ ရက်နေ့က ၁၀ နှစ်ကနေ ၁၂ အရွယ် မိန်းကလေးငယ် ၃ ဦးနဲ့ ၆၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ မိန်းကလေးငယ် ၃ ဦးမှာ အဲဒီစီမံကိန်းရဲ့ ၁ ဖာလုံခန့်အကွာ ဘုန်းကြီးကျောင်းမှာ မွန်စာသင်ဖို့ ရောက်ရှိလာတာ ဖြစ်ပြီး ကျန်အမျိုးသမီး ၁ ဦးကတော့ ဘုန်ကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်နေသူ ဖြစ်ပါတယ်။

သူတို့ ၄ ဦးဟာ ဂျပန်ခေတ် လက်ကျန်ရတနာပစ္စည်း တူးဖော်မှု စီမံကိန်းမှာ ကျန်ရှိခဲ့တဲ့ မြေကျင်းရေကန်မှာ ခြေလက်ဆေးကြောရမှ ရေနစ်သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဒါကြောင့် ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်း တူးဖော်ရာမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေကျင်းတွေကို ပြန်ဖုံးပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ဝယ်ကဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် “ကျနော်တို့ကလည်း အဲဒီကျင်းတွေကို ပြန်ပိတ်စေချင်တယ်။ တကယ်လို့ မပိတ်ဘူးဆိုရင် အခုလိုမျိုးဖြစ်စဉ်မျိုးတွေ နောက်မဖြစ်ဘူးလို့ ဘယ်သူမှ ပြောလို့မရဘူးလေ။ ကျနော်တို့လည်း အချိန်ပြည့် စောင့်ကြည့်မပေးနိုင်ဘူး” လို့ ပြောပါတယ်။

ဒီဂျပန်ခေတ် လက်ကျန်ပစ္စည်း တူးဖော်မှုကို Royal Eagle Myanmar Development ကုမ္ပဏီက ကနဦး လေ့လာစိစစ်တာတွေ လုပ်ဆောင်ပြီး အထောက်အထား တစုံတရာ မရှိလို့ ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တူးဖော်ထားတဲ့ မြေကျင်းတွေကို မူလအတိုင်း ပြန်ဖုံးပေးဖို့ ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။

“တာဝန်ယူမှု၊ တာဝန်ခံမှုအရ အစိုးရမှာ လုံးဝတာဝန်ရှိနေတယ်လို့ ယူဆတယ်။ လွှတ်တော်မှာ ဖြေကြားပေးကတည်းက တခါတည်း မြေကျင်းတွေကို ပကတိအတိုင်း ပြန်ဖုံးထားရင် ဒီလိုမျိုး သေစရာ အကြောင်းမရှိဘူး။ အခုကတော့ တော်တော်စိတ်မကောင်းစရာပဲ။ အစိုးရအဖွဲ့ကတော့ တာဝန်ယူပြီး ဖြေရှင်းဖို့သင့်တယ်လို့ ယူဆတယ်။ ”

ဒါပေမဲ့ အဲဒီမြေကျင်းတွေ ဒီနေ့အချိန်အထိ ပြန်ဖုံးမပေးသေးသလို အခုစီမံကိန်းဟာ အစိုးရကိုယ်တိုင် ဦးဆောင်တဲ့ စီမံကိန်းဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ အခုကိစ္စရပ်ကို လာမယ့် အပတ် အစိုးရအဖွဲ့ ကပ်ဘိနက် အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပြီး၊ ကုမ္ပဏီကိုလည်း အရေးယူတာတွေ ရှိလာနိုင်တယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။

“ပြည်နယ်အစိုးရ ဆုံးဖြတ်ပြီးမှ ပြောလို့ရမယ်။ ပြည်နယ်အစိုးရမှာတော့ တာဝန်ရှိတယ်။ ညွှန်ကြားထားရဲ့သားနဲ့ မလုပ်ဆောင်ခဲ့တာ သက်ဆိုင်ရာကုမ္ပဏီအပေါ်မှာ အရေးယူ ဆောင်ရွက်ဖို့ရှိတယ်။”

ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်မှုကြောင့် တောင်ပြိုတာအပြင် ဥယျာဉ်ခြံတွေ ပျက်စီးမှာကို စိုးရိမ်ပြီး ဒေသခံတွေက စီမံကိန်း မစခင်ကတည်းက ကန့်ကွက်တာတွေ ရှိနေပါတယ်။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကလည်း Royal Eagle Myanmar Development ကုမ္ပဏီနဲ့ Golden Geo Myanmar ကုမ္ပဏီနှစ်ခုက ကနဦး စမ်းသပ် တူးဖော်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013