မွန်ပြည်နယ်တွင် လောင်စာဆီတင်ကား ၁ စီး တိမ်းမှောက်ပြီး ၃ ဦး ဒဏ်ရာရ
DVB
·
June 20, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာရှိ ရွှေမန်းတင်မောင်ကွေ့မှာ ဇွန် ၂၀ ရက် မနက် ၁၁ နာရီလောက်က လောင်စာဆီတင်တဲ့ ဘောက်ဆာကားတစ်စီး လမ်းဘေးကို တိမ်းမှောက်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရသွားပါတယ်။
ရန်ကုန်ဘက်ကနေ မော်လမြိုင်ဘက်ကို ယာဉ်မောင်း ငြိမ်းဇော်သက်နဲ့ ယာဉ်နောက်လိုက် ဇေယျာထွန်းလိုက်ပါလာတဲ့ “92”ဆီ ၇၀၀၀ ဂါလန် နောက်တွဲယာဉ်ပါ လောင်စာဆီတင်ကားတစ်စီးဟာ မိုင်တိုင်အမှတ် 185/2 တံတားကွေ့မှာ လမ်းချော်ပြီး လမ်းဘေးကို တိမ်းမှောက်ကာ လမ်းလျှောက်နေသူ ဦးအောင်အောင်(၅၀-နှစ်)ကို ကားအနောက်ဘက်ခြမ်းနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ ဦးလှရွှေက “မနက်တုန်းက ကျနော် အိမ်ရှေ့မှာ မြက်ရိတ်နေတုန်း ဝုန်းဆိုပြီးအသံကြားလို့ ကြည့်လိုက်တော့ ဆီကား မှောက်တာကို တွေ့တာပါ။ ဒီလိုဖြစ်စဉ်မျိုးက ဒီကွေ့မှာ ခဏခဏဖြစ်တယ်။ အဓိကကတော့ လမ်းကြောင့်ပေါ့။ တစ်နှစ် တစ်နှစ်ကို အခုလိုဖြစ်စဉ်မျိုး အကြိမ် ၃၀ အထက်မှာရှိတယ်။ လူသေဆုံးတာတွေလည်း ရှိသလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ငြိမ်းဇော်သက်မှာ ယာခြေထောက်ကျိုး ဒဏ်ရာ (စိုးရိမ်ရ)၊ ယာဉ်နောက်လိုက် ဇေယျာထွန်းမှာ ယာဒူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖျံ ပွန်းခြစ်ဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာနဲ့ ဦးအောင်အောင်မှာ ယာလက်ကျိုးဒဏ်ရာ၊ ယာပခုံး ဖူးရောင်ဒဏ်ရာ(စိုးရိမ်ရ) အသီးသီးဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ငြိမ်းဇော်သက်ကို မုတ္တမနယ်မြေရဲကင်းစခန်းက ယာဉ်(ပ) ၂၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။
သတင်း- ယူမင်းစိုး