DVB Logo
Home
မြန်မာသတင်း
ဗြိတိန်၊ ထိုင်းနှင့် မလေးရှားတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်‌ခေါ်
DVB
·
June 20, 2020
ဗြိတိန်၊ ထိုင်းနှင့် မလေးရှားတို့တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်‌ခေါ်
Donate to DVB

ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ ‌ရောက်နေတဲ့မြန်မာနိုင်ငံသား အယောက် ၇၀၀ ကျော်ကို စင်းလုံးငှားလေယာဉ်၊ ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တို့နဲ့ မနေ့ကနဲ့ ဒီနေ့မှာ ပြန်ခေါ်လာတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတကာက ခရီးသည်တင်လေယာဉ်တွေကို မြန်မာနိုင်ငံက ဝင်ခွင့်မပေးတာကြောင့် ပြည်ပနိုင်ငံတွေကိုရောက်ရှိပြီး အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရအစီအစဉ်နဲ့ ပြန်ခေါ်ပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာ ဗြိတိန်နိုင်ငံက ဆိပ်ကမ်းတွေနဲ့ ပနားမားမှာ ကျောက်ချရပ်နားထားတဲ့ Global Cruise Line၊ Royal Caribbean Cruise Line၊ Carnival cruise Line စတဲ့ ကုမ္ပဏီတွေက အပျော်စီးသင်္ဘောတွေပေါ်က ၂၄၉ ယောက်နဲ့ ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ သံဃာ ၁ ပါး၊ စုစုပေါင်း အယောက် ၂၅၀ ကို ကာတာလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပို့ပေးခဲ့ပြီး နေ့လယ် ၁၂ နာရီလောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ထားတဲ့ အပျော်စီးသင်္ဘော ၅ စင်းမှာ တာဝန်ထမ်းဆောင်ပြီးလို့ မြန်မာနိုင်ငံကို ပြန်ဖို့ စောင့်နေတဲ့ မြန်မာသင်္ဘောသား အယောက် ၂၄၀ အတွက် သင်္ဘောကုမ္ပဏီတွေက မြန်မာသံရုံးကို ဆက်သွယ်လာခဲ့ကြတာကြောင့် လန်ဒန်မြို့ မြန်မာသံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ကာတာလေကြောင်းလိုင်းနဲ့ ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အပြင် ပနားမားမှာရောက်နေတဲ့ မြန်မာသင်္ဘောသား ၈ ယောက်၊ တခြား ၂ ယောက်၊ စုစုပေါင်း အယောက် ၂၅၀ ကို ဇွန် ၁၉ ရက် ညနေ ၄ နာရီမှာ ကာတာလေကြောင်းက စင်းလုံးငှားလေယာဉ်နဲ့ လန်ဒန်မြို့ကနေ ရန်ကုန်မြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ ကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဇွန် ၂၂ ရက်မှာ ထပ်ပြီး ပို့ပေးဦးမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ကပဲ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အယောက် ၈၀ ကို  (Myanmar National Airline-MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခေါ်လာခဲ့သလို မလေးရှားနိုင်ငံ၊ ပီနန်းမြို့က Imperial Garment Sdn Bhd နဲ့ Pen Apparel Sdn Bhd တို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၃၇ ယောက်ကို ကုမ္ပဏီက စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ ပြန်ပို့ပေးခဲ့ပါတယ်။

ဒီနေ့အချိန်ထိ ပြည်ပနိုင်ငံတွေမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀၀ လောက်ကို ပြန်ခေါ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013