DVB Logo
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားသူကို ရက် ၂၀ ခန့်အထိ အဆက်သွယ်မရသဖြင့် မိသားစု စိုးရိမ်နေ
DVB
·
June 20, 2020
တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားသူကို ရက် ၂၀ ခန့်အထိ အဆက်သွယ်မရသဖြင့် မိသားစု စိုးရိမ်နေ
Donate to DVB

ကျောက်ဖြူမြို့နယ်မှာ တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားသူ ၁  ဦးအား ရက် ၂၀ ဝန်းကျင်ကြာတဲ့အထိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မြင်းပြင်ကျေးရွာနေသူ ဦးချက်ကြီးကို ဇွန် ၂ ရက်နေ့ ညနေက တပ်မတော်စစ်ကြောင်းတခုက မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရက် ၂၀ ဝန်းကျင် ကြာတဲ့အချိန်ထိ မိသားစုဝင်တွေကို တစုံတရာ ဆက်သွယ်မလာတာကြောင့် စိုးရိမ်နေကြတယ်လို့ မိသားစုက ပြောပါတယ်။

 ဦးချက်ကြီးရဲ့ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက “ဇွန် ၂ ရက်နေ့က ညနေ ၄ နာရီလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခု ရွာကို ရောက်လာကြတယ်၊ သူတို့က ထမင်းချက်စားဖို့အတွက် ကျမတို့အိမ်ဆိုင်မှာ စျေးလာဝယ်ကြတာပေါ့၊ အဲဒီအချိန်မှာ ကျမအမျိုးသားက လွန်ခဲ့တဲ့ တနှစ်လောက်က ပင်လယ်ကမ်းစပ်နားက ကောက်ယူလာတဲ့ အတောင့်တစ်တောင့်ကို အိမ်အဝင် လှေကားအောက်နားမှာ တွဲထားတာပေါ့၊ အဲဒါကို သူတို့က တွေ့သွားပြီးတော့ ဗုံးဆိုပြီးတော့ ပြောပြီး ကျမအမျိုးသားကို ဖမ်းခေါ်သွားခဲ့တယ်။ ဖမ်းတဲ့အချိန်မှာ ကျောက်ဖြူမြို့ (၃၄) တပ်က တပ်ရင်းမှူးကိုယ်တိုင် လက်ထိတ်ခတ်ပြီးတော့ ဖမ်းခေါ်သွားခဲ့တာပေါ့။ အခုဆိုရင် ရက်ပေါင်း ၁၈ ရက်ကျော်သွားပြီ၊ အခုအချိန်ထိကို မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူး ဆိုတော့ တော်တော်စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

ဦးချက်ကြီးဟာ ကျေးရွာမှာ လယ်ယာလုပ်ငန်း ရိုးရိုးသားသား ရှာဖွေစားသောက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးချက်ကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာတော့ ခရီးထွက်နေတာကြောင့် သူ့အနေနဲ့ ဘာမှမသိသလို အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့ပေါ်ရှိ ပရဟိတလုပ်ကိုင်နေသူ ဦးကျော်အေးသန်းကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘာအတွက်ကြောင့် ဖမ်းဆီးခံရသလဲဆိုတာကို မသိရသေးတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသူတွေ မကြာခဏ သံသယနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013