DVB Logo
Home
မြန်မာသတင်း
ဇန်နဝါရီလဆန်းမှ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ ခန့်ရှိ၊ ၁၁ ဦး သေဆုံး
DVB
·
June 20, 2020
ဇန်နဝါရီလဆန်းမှ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ ခန့်ရှိ၊ ၁၁ ဦး သေဆုံး
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ ဇန်နဝါရီလဆန်းကနေ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ လောက်ရှိပြီး ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၃၀၀ ဖြစ်ပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ်၊ မွန်ပြည်နယ်က မော်လမြိုင်နဲ့ ပေါင်မြို့နယ်၊ မကွေးတိုင်းက ပခုက္ကူ၊ မန္တလေးတိုင်းက မြင်းခြံနဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ အယောက် ၃၀ ကျော် ဖြစ်ခဲ့ကြပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းတွေထဲ ၂၀၁၇ ခုနှစ်တုန်းက သွေးလွန်တုပ်ကွေး အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးအများဆုံးဖြစ်တဲ့ရာသီကတော့ မိုးရာသီဖြစ်ပြီး တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်ပတ်လုံး ဖြစ်တတ်ပါတယ်။

မနှစ်က ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်သူ ၂၅,၀၀၀ လောက်ရှိပြီး ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အဖြစ်အများဆုံးကတော့ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ ဖြစ်ပြီး ကချင်ပြည်နယ်မှာ ၄,၂၂၂ ယောက်ဖြစ်ပြီး သေဆုံးသူ အယောက် ၃၀၊ ရန်ကုန်တိုင်းမှာ ၂,၈၀၄ ယောက် ဖြစ်ပြီး သေဆုံးသူ ၃၃ ယောက်ရှိပါတယ်။

သွေးလွန်တုပ်ကွေးဟာ အရင်က အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပေမယ့် ခုတော့ အသက်အရွယ်မရွေး ဖြစ်နေပြီး အေဒီးစ်ခြင်ကျား ကိုက်ခံရတာကြောင့် ဖြစ်ပါတယ်။

ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

စိုးရိမ်ရတဲ့လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန် ရုတ်တရက်ကျသွားတာတွေ ဖြစ်ပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကို ကာကွယ်နိုင်ဖို့ အတွက်ကတော့ ခြင်မကိုက်အောင် နေဖို့နဲ့ ခြင်ကို နှိမ်နင်းဖို့ လိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013