DVB Logo
Home
ကျန်းမာရေး
ပြင်းထန် COVID-19 အတွက် ကုနိုင်မယ့်ဆေး
DVB
·
June 19, 2020
ပြင်းထန် COVID-19 အတွက် ကုနိုင်မယ့်ဆေး
Donate to DVB

COVID-19 ကို ကုသဖို့ ဆေးတွေ အပူတပြင်း လိုက်ရှာနေတဲ့ အချိန်မှာ သတင်းကောင်း တစ်ခုကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ Dexamethasone ဆိုတဲ့ ဆေးပါပဲ။ မနေ့က (ဇွန် ၁၆ ၂၀၂၀) မှာ အောက်စ်ဖို့တက္ကသိုလ်က ပညာရှင်တွေက Dexamethasone  (Dexa) က COVID-19 လက္ခဏာဆိုးဆိုးဝါးဝါး ခံစားနေရသူတွေမှာ သက်သာစေတယ်ဆိုတာ ကြေညာခဲ့ပါတယ်။

သုတေသန အခြေအနေ


အောက်စ်ဖို့တက္ကသိုလ်က ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ဒီသုတေသနမှာ COVID-19 ကြောင့် ဆေးရုံတက်နေတဲ့ လူပေါင်း၂၀၀၀ကို Dexaပေးခဲ့ပြီး မပေးတဲ့ လူပေါင်း ၄၀၀၀နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ တွေ့ရှိချက်ကတော့

အသက်ရှူစက် တင်ထားရလောက်အောင် ပြင်းထန်တဲ့ လူနာတွေမှာ သေနှုန်းကို ၄၀ရာခိုင်နှုန်းကနေ ၂၈ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

အောက်ဆီဂျင် ပေးဖို့ လိုအပ်တဲ့ လူနာတွေမှာတော့ သေနှုန်းကို ၂၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရောဂါပြင်းထန်တဲ့ ကိုဗစ်လူနာတွေမှာ သေနှုန်းကို သိသိသာသာလျှော့ချပေးနိုင်တယ်လို့ ပြောရတာပါ။

သုတေသနကို ဦးဆောင်သူ Prof Martin Landrayက ဒီဆေးကြောင့်

-အသက်ရှူစက် တင်ရတဲ့ လူနာ ၈ယောက်မှာ တစ်ယောက်

-အောက်ဆီဂျင်ပေးရတဲ့ လူနာ ၂၀-၂၅ယောက်မှာ တစ်ယောက် ကယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ဒါဟာ သိပ်ကို အကျိုးရှိတဲ့ ကိစ္စပါပဲ။ ကုထုံးက ၁၀ရက်လောက်ကြာနိုင်ပြီး လူနာတစ်ယောက်ကို တစ်နေ့ ၅ပေါင်သာသာ (မြန်မာငွေ ၇၅၀၀ကျပ်) လောက်ပဲ ကုန်ကျမှာပါ။ ဒါကြောင့် အသက်တစ်ချောင်းကယ်ဖို့ ၃၅ပေါင်လောက်ပဲ ကုန်ကျတော့မှာပါလို့ သူက ပြောပါတယ်။

ဆက်ပြီးပြောတာက ပြီးတော့ ဒီဆေးက တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှာ မဆို ဝယ်လို့ရတယ်။ ဒါကြောင့် လိုအပ်လာရင် လူနာတွေကို အချိန်မီ ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူတွေက ဒါကို အလွယ်တကူဝယ်ပြီး ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်ဘူး။ Dexaက လေ့လာချက်အရ ပြင်းထန်လူနာတွေအတွက်ပဲ အကျိုးရှိပြီး သာမန်လူနာတွေအတွက် ထူးခြားမှုမရှိဘူးလို့ အကြံပေးထားပါတယ်။

COVID-19 ရောဂါအနေအထား


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအယောက် ၂၀မှာ ၁၉ယောက်က ဆေးရုံတက်စရာမလိုဘဲ ကောင်းသွားကြပါတယ်။(တခြားနိုင်ငံတွေမှာ ကိုဗစ်ရောဂါပိုးရှိတိုင်း ဆေးရုံမတင်ပါဘူး။ သက်ဆိုင်ရာဆရာဝန်က ဖုန်းနဲ့ပဲ ကြီးကြပ်ကုသပေးတာပါ။) ဆေးရုံတက်ရတဲ့ လူနာတွေမှာလည်း တော်တော်များများက ပြန်သက်သာလာကြပါတယ်။ အနည်းစုလောက်ပဲ အောက်ဆီဂျင်လိုတာ၊ အသက်ရှူစက်တင်ရတဲ့ အခြေအနေကို ရောက်တာပါ။

ဒီလို အခြေအနေကို ရောက်လာတဲ့ လူနာတွေအတွက် Dexaက အများကြီး အထောက်အကူပြုမှာပါ။ ဒီဆေးက နဂိုတည်းက ရောင်ရမ်းမှု အမျိုးမျိုးမှာ သုံးပါတယ်။ အဆစ်အမြစ်ရောင်တာက စလို့ ပန်းနာရင်ကြပ်နဲ့ တချို့သော အရေပြားရောဂါတွေမှာ သုံးနေတာကြာပါပြီ။ ခုလည်း ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်လာတဲ့အခါ ခုခံအားစနစ်က အလွန်အကျွံအလုပ်လုပ်ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်ပါတယ်။ ဒီလို အလွန်အကျွံလုပ်တာကို cytokine stormလို့ ခေါ်ပါတယ်။ ဒါက အခန့်မသင့်ရင် လူပါ သေတတ်ပါတယ်။ Dexaက ဒီလို အလွန်အကျွံမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အချုပ်

အချုပ်ကတော့ ပြင်းထန်ကိုဗစ်လူနာတွေမှာ သေနှုန်းကို လျှော့ချဖို့ Dexamethasoneကို သုံးနိုင်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပါ။Dexaက ကိုဗစ်ရောဂါပိုးကို သေစေတာတော့ မဟုတ်ပါဘူး။ ရောဂါကို ထိန်းညှိပေးတဲ့ သဘောပါ။ သေရတဲ့အကြောင်းက ဗိုင်းရပ်စ်ထက်စာရင် ခုနကပြောတဲ့ cytokine storm ကြောင့်ပါ။

သာမန်ကိုဗစ်လူနာတွေ၊ ကိုဗစ်ရှိရုံသက်သက် ဘာလက္ခဏာမှ မပြတဲ့ လူနာတွေမှာ အကျိုးမထူးပါဘူး။ ကိုဗစ်မကူးအောင်လည်း မတားနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ဖို့ အကြံပေးလိုပါတယ်။ အလွယ်တကူဝယ်လို့ရတာ၊ စျေးသက်သာတာ မှန်ပေမယ့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်ရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါမယ်။

ဗိုင်းရပ်စ်ကို သေအောင် သတ်နိုင်တဲ့ဆေး၊ ကာကွယ်ဖို့ ဆေးမထွက်သေးတဲ့အတွက် အတတ်နိုင်ဆုံး ရောဂါမကူးအောင်နေတာကသာ အကောင်းဆုံး ဖြစ်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013