DVB Logo
Home
မြန်မာသတင်း
ပုသိမ်အထည်ချုပ်စက်ရုံတခုက အင်ဒိုနီးရှားနိုင်ငံသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် အလုပ်ထုတ် 
DVB
·
June 19, 2020
ပုသိမ်အထည်ချုပ်စက်ရုံတခုက အင်ဒိုနီးရှားနိုင်ငံသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် အလုပ်ထုတ် 
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ် စက်ရုံက အလုပ်သမားအချို့အပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသားကို အလုပ်မှထုတ်ပယ်အရေးယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားဟာ မြန်မာစကားကျွမ်းကျင်စွာပြောနိုင်သူဖြစ်ပြီး စက်ရုံအတွင်း အလုပ်သမားအမျိုးသမီး ၆ ဦးလောက်ကို လိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ခဲ့သလို ကျူးလွန် ခံခဲ့ရသူတွေထဲက အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးက စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ထံ တိုင်ကြားတာတွေပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ စက်ရုံက အဲဒီနိုင်ငံခြားသားကို အလုပ်မှထုတ်ပယ်ခဲ့တာပါ။

အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပခဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက "နောက်ဆုံးသိလိုက်ရတာက စက်ရုံတာဝန်ရှိတဲ့ ဒါရိုက်တာကိုယ်တိုင် ရန်ကုန်ကလာပြီး တာဝန် ရှိသူတွေကို ခေါ်ပြီးတော့ ဒီလုပ်ငန်းခွင်ထဲမှာ လိင်ပိုင်ဆိုင်ရာ ထိပါးနှောင့်ယှက်မှုကိုပြုတဲ့ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ကို အလုပ်ထုတ်လိုက်ပြီလို့ပြောတယ်၊ အဲ့စက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေက ပြန်ပြောပါတယ်"လို့ DVB ကို ပြောပါတယ်။

အလုပ်ထုတ်တဲ့စာထဲမှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုတာကို ကုမ္ပဏီအနေနဲ့ လက်မခံသလို မည်သည့်ထိပါးနှောင့်ယှက်မှုကိုမှ လက်ခံမှာမဟုတ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးတာတွေပြုလုပ်ခဲ့ ပြီးနောက်ပိုင်း အဆိုပါ နိုင်ငံသားကို အလုပ်တာဝန်မှ ရပ်စဲလိုက်ပြီလို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဟာ နိုင်ငံခြားသားက မြန်မာနိုင်ငံသားအလုပ်သမ ကို ကျူးလွန်တာမဖြစ်သင့်သလို နိုင်ငံသားအချင်းချင်းလည်း မလုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်း၊ ဒီလိုကျူးလွန်မှုအပေါ် ခုလို အရေးယူဆောင်ရွက်ပေးတဲ့အတွက် ကျူးလွန်ခံရသူတွေရော ကူညီဆောင်ရွက်ပေးနေသူတွေရော စိတ်ကျေနပ်စေတဲ့အတွက် အမှုမဖွင့်တော့ဘူးလို့ အလုပ်သမားအချင်းချင်းရိုင်းပင်ကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားကို အရေးယူ ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး DVB က စက်ရုံရဲ့ HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမျိုးမရှိခဲ့ပါ။

အလုပ်သမားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်ပွားခဲ့တဲ့ Amava Apparel အထည်ချုပ်စက်ရုံမှာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လိုင် ၂၉ ရက်နေ့က အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါး စော်ကားမှုများ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာတွေပြုလုပ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းနေတာဖြစ်ပြီး  တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ လာရောက်အလုပ်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂ ဦးရှိပြီး အလုပ်မှထုတ်ပယ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားကတော့ စက်ရုံကိုရောက်လာတာ ၅ လနီးပါးသာရှိသေးတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

စက်ရုံမှ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ နိုင်ငံတကာ ကုန် အမှတ်တံဆိပ်တွေဖြစ်တဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ ကုန်အမှတ်တံ ဆိပ်တွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013