အီရန်အစိုးရဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ နောင်နှစ်တော်တော်ကြာတဲ့အထိ မဖြစ်နိုင်တော့တာ သေချာသွားပြီဖြစ်တဲ့အတွက် အီရန်ကနေ နှစ်ပတ်၊ သုံးပတ်လောက်မှာ ဆုတ်ခွာတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၃၁ ရက်မှာ ပြောပါတယ်။
အီရန်ဘက်က သဘောတူညီချက်ရဖို့ အသနားခံနေပေမဲ့ အမေရိကန်ရဲ့ အချိန်ဇယားနဲ့ ဒီသဘောတူညီချက် ရတာ၊ မရတာ မဆိုင်ဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးက ဒီလိုတိုက်ခိုက်မှုမျိုး ထပ်မလုပ်တော့ပါဘူးဆိုတဲ့ အာမခံချက်မျိုး အပါအဝင် အရေးကြီးတဲ့ ကန့်သတ်ချက်တွေ ပေးမယ်ဆိုရင် စစ်ပွဲအဆုံးသတ်ဖို့ လိုအပ်တဲ့စိတ်ဆန္ဒ ရှိတယ်လို့ မတ် ၃၁ ရက်မှာ အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ခီယန်ကလည်း ပြောပါတယ်။
ဒါပေမဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ မိုက်ခရိုဆော့ဖ်နဲ့ ဂူဂဲလ် အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီတွေကို ဧပြီ ၁ ရက်ကစပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပါတယ်။
ဒီအချိန်မှာပဲ ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားကို အင်အားသုံးပြန်ဖွင့်ဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်နဲ့ မဟာမိတ်တွေကို ကူညီပေးဖို့ ပြင်ဆင်နေပါတယ်။
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာလည်း အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တရုတ်နဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပဖို့ တောင်းဆိုပါတယ်။
အမေရိကန်မှာ ဓာတ်ဆီဈေးတွေ စံချိန်တင် မြင့်တက်လာတာကြောင့် ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်ပါတီ အတွက်တော့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအရ ခေါင်းခဲစရာ ဖြစ်လာပါတယ်။
ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းအရလည်း အမေရိကန်နိုင်ငံသား သုံးပုံ နှစ်ပုံက ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်ကြတယ်လို့ ဖော်ပြပါတယ်။
Source: Reuters











