
အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီ သွားရောက်မဲ့သူတွေကို အခုရက်ပိုင်းထဲ ထွက်ခွာခွင့်ချမပေးဘဲ ရပ်ဆိုင်းထားတယ်လို့ သက်ဆိုင်တဲ့ အလုပ်သမားတွေဆီက သိရပါတယ်။
စစ်ဖြစ်နေတဲ့နေရာဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာဘက်က သွားရောက်ခွင့်ပိတ်ထားတာဖြစ်ပြီး ခွင့်ပြန်အလုပ်သမားတွေနဲ့ အလုပ်ချိတ်ဆက်ရရှိထားတဲ့ ကျွမ်းကျင်အလုပ်သမားတွေမှာ ထွက်မရဘဲ အခက်တွေ့နေပါတယ်။
ဒူဘိုင်းကုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေသူတယောက်က “သူငယ်ချင်းတယောက် မြန်မာနိုင်ငံပြန်ပြီးမှ ပြန်လာဖို့ကို ခွင့်ပြုချက်မကျလို့ နေပြည်တော်အထိသွားမေးတော့ စစ်ဖြစ်နေတဲ့ နိုင်ငံမို့လို့ ပေးမထွက်တာလို့ သိရတာ။ နောက်အကပ်နဲ့လိုက်တော့ နှုတ်နဲ့ပဲ ခွင့်ပြုပေးမယ်၊ စာတော့ မထွက်ပေးဘူးဆိုတာနဲ့ ပြန်ရောက်လာတာ။ ဒီလိုရဖို့ ပိုက်ဆံတော့ခင်းရတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေ၊ ကျွမ်းကျင်လုပ်သားအဖြစ် ကိုယ့်အစီစဥ်နဲ့ကိုယ် သွားရောက်လုပ်ကိုင်မယ့်သူတွေရဲ့ ထွက်ခွာခွင့် တင်ပြလျှောက်ထားတာကို ခွင့်ပြုချက်မချပေးတဲ့အတွက် ပြည်တွင်းမှာပိတ်မိပြီး အလုပ်အကိုင်ဆုံးရှုံးနစ်နာရမဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်ရေးပြဿနာရှိနေခဲ့လို့ သတိပြုစရာဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ အခြေအနေပြန်တည်ငြိမ်လာသလို နိုင်ငံခြားသား ခရီးသည် ဝင် ထွက်မူ ပုံမှန်အတိုင်း ပြန်ဖြစ်လာတယ်လို့ ယူအေအီးနိုင်ငံရှိ လေကြောင်းလိုင်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
ယူအေအီးနိုင်ငံကို မြန်မာနိုင်ငံက MAI လေကြောင်းလိုင်းက ပျံသန်းပြေးဆွဲနေဆဲဖြစ်သလို တခြားနိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း ပုံမှန်အနေအထားအတိုင်း ပျံသန်းကာ နိုင်ငံခြားသားခရီးသည် ဝင် ထွက်သွားလာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ယူကေလို နိုင်ငံကြီးတွေလောက်ပဲ ရပ်ထားသေးတာ၊ Emirates လေကြောင်းလိုင်းဆိုရင် နိုင်ငံတိုင်းကို ပြေးဆွဲနေတယ်။ လုံးဝမရပ်ထားဘူး။ ထိုင်းဆိုရင်လည်း တရက်ကို ဖလိုက် ၄ စင်းလောက် အသွားအပြန် ရှိနေတာ။”
လက်ရှိမှာ သွားရောက်ခွင့်ပိတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာတာမရှိတဲ့အတွက် လုပ်ငန်းခွင်ဝင်ရောက်ဖို့ နောက်ကျရတဲ့ အကြောင်းအရင်းကို သက်သေပြစရာမရှိတာကြောင့် အခက်တွေ့နေရတယ်လို့ ခွင့်ပြန်အလုပ်သမားတွေက ဆိုပါတယ်။











